Home
နိုင်ငံတကာ
ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်များကို အမေရိကန်က ရာဇဝတ်မှုဖြင့် စွဲချက်တင်
DVB
·
September 4, 2024
Photo-UNITED STATES DISTRICT COURT SOUTHERN DISTRICT OF NEW YORK HANDOUT / HAMAS MEDIA OFFICE / REUTERS / IDF HANDOUT

အမေရိကန်ပြည်ထောင်စုဟာ ဟားမတ်စ်ရဲ့ ထိပ်တိန်းခေါင်းဆောင်တွေကို အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုကို စီစဉ်ခြင်း၊ ပံ့ပိုးကူညီခြင်းနဲ့ ကျူးလွန်ခြင်းတို့မှာ ပါဝင်တာဝန်ယူထားတဲ့ သူတို့ရဲ့ ကဏ္ဍတွေအတွက် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ကြောင်း စက်တင်ဘာ ၃ ရက်က ကြေညာခဲ့ပါတယ်။

စစ်သွေးကြွအဖွဲ့ရဲ့ အကြီးအကဲ ယာယျာဆင်ဝါနဲ့ တခြားခေါင်းဆောင် ၅ ယောက်ထက်မနည်းကို အမေရိကန်လူမျိုး အယောက် ၄၀ ကျော် အပါအဝင် လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအား ကြိုးကိုင်ခဲ့ကြောင်း စွဲချက်တွေ တင်ထားတာပါ။

ဒီတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ ချေမှုန်းမှု အစပျိုးခဲ့ပြီး ပါလက်စတိုင်း ၄၀,၈၀၀ ကျော် သေဆုံးခဲ့ရပြီးတော့ နယ်မြေအများအပြားကို ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။

အမေရိကန်ရှေ့နေချုပ် မားရစ် ဂါလန်က “တိုင်ကြားစာမှာ ဖော်ပြထားတဲ့အတိုင်း အဲဒီတရားခံတွေဟာ အီရန်အစိုးရဆီက လက်နက်၊ နိုင်ငံရေးအထောက်အပံ့နဲ့ ရန်ပုံငွေတွေအပြင် ဟစ်ဇ်ဘိုလာဆီမှ ထောက်ပံ့မှုတွေ ရယူထားပြီးတော့ အစ္စရေးနိုင်ငံကို ဖျက်ဆီးဖို့နဲ့ အရပ်သားတွေကို သတ်ပစ်ဖို့ ဟားမတ်စ်ရဲ့ ကြိုးပမ်းမှုတွေကို ဦးဆောင်ခဲ့တာပါ” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီတိုင်ကြားချက်ထဲက ၆ ယောက်အနက် ၃ ယောက်က သေဆုံးသွားကြပါပြီ။ သက်ရှိတရားခံ ကျန်ရစ်သူတွေကတော့ ဂါဇာမှာ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ ယာယျာဆင်ဝါ၊ ဒိုဟာမှာ အခြေစိုက်ပြီး အဖွဲ့ရဲ့ ပျံ့နှံ့နေတဲ့လူတွေကို စုစည်းရေးရုံးခန်းကို ဦးဆောင်နေတဲ့ ခါလဒ် မက်ရှားလ်နဲ့ လက်ဘနွန်အခြေစိုက် ဟားမတ်စ်အကြီးတန်းအရာရှိ အလီ ဘာရကာတို့ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ တရားခံတွေကတော့ ဇူလိုင်လတုန်းက တီဟီရန်မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတယ်လို့ဆိုတဲ့ ဟားမတ်စ်ခေါင်းဆောင်ဟောင်း အစ္စမိုင် ဟာနီယေး၊ ဇူလိုင်လ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ အစ္စရေးက ပြောခဲ့တဲ့ စစ်တောင်ပံအကြီးအကဲ မိုဟမ်မက်ဒ် ဒေ့ဖ်နဲ့ မတ်လ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ လက်ထောက်တပ်မှူး မာဝမ် အစ်ဆာတို့ ဖြစ်ပါတယ်။

ဟာနီယေး သေဆုံးမှုအတွက် အီရန်က အစ္စရေးကို အပြစ်တင်ခဲ့ပါတယ်။ အစ္စရေး တာဝန်ရှိသူတွေကတော့ တာဝန်ရှိမရှိကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အဲဒီ ဟားမတ်စ် ၆ ယောက်ကို ဖေဖော်ဝါရီလတုန်းက စွဲချက်တင်ခဲ့တာဖြစ်ပေမဲ့ ဟာနီယေးကို ဖမ်းဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ တိုင်ကြားချက်ကို မထုတ်ပြန်ခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။

ဟာနီယေး သေဆုံးပြီးနောက်မှာတော့ တရားရေးဌာနဟာ စွဲချက်တွေကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013