နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု ကျူးလွန်ရာမှာ ဗြိတိန်ရဲ့ လက်နက်တွေကို အသုံးပြုမယ့်အန္တရာယ်ရှိနေတာကြောင့် ပို့ကုန်ထိန်းချုပ်ရေးအက်ဥပဒေအရ ဗြိတိန်ဟာ အစ္စရေးနဲ့ သူ့ရဲ့ လက်နက် တင်ပို့ရောင်းချခွင့်လိုင်စင် ၃၅၀ ထဲမှ ၃၀ ကို ချက်ချင်းရပ်ဆိုင်းမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
လိုင်စင်တွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ချက်ဟာ လက်နက်အမျိုးအစားစုံကို အလုံးစုံတားမြစ်မှု သို့မဟုတ် လက်နက်ပိတ်ဆို့မှုနဲ့ မသက်ဆိုင်ပေမဲ့ ပါလက်စတိုင်းနယ်မြေ အတွင်းရှိ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခမှာ အသုံးချနိုင်တဲ့အရာများသာ ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး လမ်မီက လွှတ်တော်ကို ပြောပါတယ်။
“ဟားမတ်စ် အကြမ်းဖက်သမားတွေနဲ့ အစ္စရေးရဲ့ ဒီမိုကရက်တစ်အစိုးရကြား၊ ဒါမှမဟုတ် အီရန်နဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်စားလှယ်တွေကြား ညီမျှမှု မရှိကြောင်းနဲ့ ပြိုင်ဘက်ရဲ့ နည်းပရိယာယ်နဲ့ အယူဝါဒကို မုန်းတီးနေပေမဲ့ အစ္စရေးကို လက်နက်တင်ပို့မှု လိုင်စင်ကိုတော့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ အစ္စရေးရဲ့လိုက်နာမှုကို အကဲဖြတ်ရမှာ ဖြစ်တယ်။”
ဆိုင်းငံ့ထားရမယ့် ပစ္စည်းတွေထဲမှာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေ အပါအဝင် စစ်လေယာဉ်တွေအတွက် အစိတ်အပိုင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဗြိတိန်တင်ပို့မှု ပမာဏဟာ အစ္စရေး လက်ခံရရှိတဲ့ လက်နက်စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်း အောက်သာ ရှိပြီး လိုင်စင်ဆိုင်းငံ့ထားမှုဟာ အစ္စရေးရဲ့ လုံခြုံရေးကို ထိခိုက်စေမှာ မဟုတ်ကြောင်းလည်း လမ်မီ က ပြောကြားခဲ့ပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီကတော့ ဗြိတိန်ဟာ အစ္စရေးရဲ့လက်နက်ဝယ်ယူခွင့်လိုင်စင် လျှော့ချမှုတွေ လုပ်ခဲ့ပေမဲ့ ခိုင်မာတဲ့ မဟာမိတ်အဖြစ် ဆက်ရှိနေတယ်လို့ စက်တင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ မတူဘဲ ဗြိတိန်အစိုးရဟာ အစ္စရေးကို တိုက်ရိုက်လက်နက်မပေးပေမဲ့ နိုင်ငံတကာဥပဒေနဲ့အညီ လိုက်နာမှု ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ရှေ့နေတွေဆီက ဖော်ပြချက်တွေနဲ့အတူ လက်နက်ရောင်းချတဲ့ ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးထားတာ ဖြစ်ပါတယ်။
Source-Reuters