အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ဂါဇာမှာ ကုလသမဂ္ဂက ပိုလီယိုကာကွယ်ဆေးထိုးဖို့ ၁၁ လကြာ စစ်ပွဲကို ခေတ္တရပ်ဖို့ သဘောတူညီခဲ့ကြပေမဲ့ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းနယ်မြေ တလျှောက် ဧရိယာအများအပြားမှာ ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေကို ဆက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
ဂါဇာမြို့က အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေ ခိုလှုံရာ စာသင်ကျောင်းတကျောင်းကို အစ္စရေး လေကြောင်းကနေ တိုက်ခိုက်လို့ ပါလက်စတိုင်း ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်တွေက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ဂါဇာမြို့ ဆင်ခြေဖုံးရပ်ကွက် အယ်လ်ဇေတုံမှာရှိတဲ့ ဆာဖဒ်ကျောင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ရှာဖွေရေး စစ်ဆင်ရေးအတွင်း လက်ကိုင်ရိုးအရှည် တပ်ထားတဲ့ တူကြီးတွေကို သုံးပြီး ကွန်ကရစ်တုံးတွေကို ဖောက်ခဲ့ပါတယ်။
တင့်ကားတွေက ဇေတုံမှာ ဆက်တိုက်ခိုက်နေချိန် အီဂျစ်နယ်စပ်နားက ရာဖာမှာ အစ္စရေးစစ်တပ်က နေအိမ်အများအပြားကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၄၀,၇၃၈ ယောက်ထက်မနည်း သေဆုံးပြီး ၉၄,၁၅၄ ယောက် ဒဏ်ရာရထားပြီးပြီလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဂျနင်မြို့ကို အစ္စရေးက ဝိုင်းရံထားလို့ ပါလက်စတိုင်းတွေအတွက် စားနပ်ရိက္ခာ၊ ရေနဲ့ လျှပ်စစ်မီး မရှိတော့ဘူးလို့ အယ်လ်ဂျားဇီးယား သတင်းဌာနက စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ကလည်း ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းတွေနဲ့ လူနာတင်ကားတွေကို ပါလက်စတိုင်းတွေ လက်လှမ်းမမီအောင် ပစ်မှတ်ထားပြီး အစ္စရေးတွေက ပိတ်ဆို့ထားတယ်လို့ စွပ်စွဲထားပါတယ်။
“ဒုက္ခသည်စခန်းအတွင်း မုန့်အပါအဝင် အခြေခံလိုအပ်ချက်အားလုံး မရှိတော့ဘူး” လို့ ထွက်ပြေးလွတ်မြောက်လာသူ ဂျနင်းမြို့ခံ တာဟာ အယ်လ် ဆာဒီက အယ်လ်ဂျားဇီးယား သတင်းဌာနကို ပြောခဲ့ပါတယ်။
Source-Reuters