အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ဟာ ကလေးပေါင်း ၆၄၀၀၀ လောက်ကို ပိုလီယိုရောဂါကာကွယ်ဆေးထိုးဖို့ ဂါဇာကမ်းမြောင်မှာ ၃ ရက်ကြာ တိုက်ပွဲတွေ ရပ်နားထားဖို့ သီးခြားသဘောတူခဲ့ကြောင်း ပါလက်စတိုင်းဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးတန်းအရာရှိ ရစ်ခ်ပိပါကွန်က သြဂုတ် ၂၉ ရက်မှာ ပြောကြားပါတယ်။
ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကို စက်တင်ဘာ ၁ ရက်မှာ စတင်ဖို့ စီစဉ်ထားပြီး အဲဒီသဘောတူညီချက်မှာ မနက် ၆ နာရီမှ ညနေ ၃ နာရီအတွင်း ခေတ္တ ရပ်နားထားရတာလို့ သူက ဆိုပါတယ်။
ပိုလီယိုကမ်ပိန်းကို ဂါဇာအလယ်ပိုင်းမှာစစ်ပွဲ ၃ ရက်ကြာ ခေတ္တရပ်နားမှုနဲ့အတူ စတင်မှာ ဖြစ်ပြီး အဲဒီနောက် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းကို ရွှေ့ကာ နောက်ထပ် ၃ ရက်ကြာ စစ်ပွဲရပ်နားမှာဖြစ်ကာ အဲဒီကနေ ဂါဇာမြောက်ပိုင်းကို ထပ်ရွှေ့သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
လိုအပ်ရင် လိုအပ်သလို ဇုန်တခုစီမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်ပွဲ ခဏတာရပ်နားမှုကို ၄ ရက်မြောက်နေ့အထိ သက်တမ်းတိုးဖို့ သဘောတူညီချက်တခု ရရှိကြောင်းလည်း ပိပါကွန်က ထပ်လောင်းပြောပါတယ်။
အမျိုးအစား ၂ ပိုလီယိုဗိုင်းရပ်စ်ပိုးကြောင့် အနည်းဆုံး ကလေးငယ်တယောက် သေဆုံးခဲ့ကြောင်း WHO က သြဂုတ် ၂၃ ရက်မှာ အတည်ပြုခဲ့ပြီး ဒါဟာ ပါလက်စတိုင်းနယ်မြေမှာ ၂၅ နှစ် အတွင်း ပထမဆုံးဖြစ်ပွားမှု ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဂါဇာရှိ လူသားချင်းစာနာ ထောက်ထားမှု အခြေအနေနဲ့ပတ်သက်ပြီး ကြာသပတေးနေ့နှောင်းပိုင်းမှာ အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။
ဟားမတ်စ်အရာရှိ ဘာဆန်မ်နာအိမ်းက“ဒီကမ်ပိန်းကို လုံခြုံဘေးကင်းအောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ဖြစ်နေပြီးတော့ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းကလေးငယ် ၆ သိန်းခွဲကျော်အတွက် တာဝန်ယူ အကာအကွယ် ပေးသွားမယ်”လို့ ရိုက်တာကို ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်ပွဲခဏ ရပ်ဆိုင်းခြင်းရဲ့ တစိတ်တပိုင်းအနေနဲ့ ကာကွယ်ဆေးထိုးနှံမယ့် ဆေးဘက်ဆိုင်ရာဌာနတွေဆီ လူတွေ ရောက်ရှိလာနိုင်အောင် ဒီကာကွယ်ဆေးထိုး လှုပ်ရှားမှုကို အစ္စရေးစစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အစ္စရေးစစ်တပ်ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယူနစ် (COGAT) က သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။
Source-Reuters