Home
နိုင်ငံတကာ
WFP ယာဉ်ပစ်ခတ်ခံရသဖြင့် ဂါဇာတွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုများ ယာယီရပ်ဆိုင်း
DVB
·
August 29, 2024
Photo - Reuters

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ဂါဇာကမ်းမြောင်တလျှောက် ဝန်ထမ်းတွေရဲ့ သွားလာလှုပ်ရှားမှုကို သြဂုတ် ၂၈ ရက်မှာ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အစ္စရေးစစ်တပ် စစ်ဆေးရေးဂိတ်တခုအနီးကို WFP ကားတွေ ရောက်ရှိလာချိန်မှာ ကုလသမဂ္ဂ အမှတ်အသား ထင်ထင်ရှားရှားပါတဲ့ ကားတွေထဲက တစီးကို အနည်းဆုံး ကျည်ဆန် ၁၀ ချက် အပစ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောပါတယ်။ 

ကျည်ကာကား ၂ စီး ပါဝင်တဲ့ ယာဉ်တန်းဟာ IDF (အစ္စရေးကာကွယ်ရေးတပ်ဖွဲ့) နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ထားပြီးသား ဖြစ်သလို သြဂုတ် ၂၆ ရက် ညနေက ဝါဒီဂါဇာ တံတား စစ်ဆေးရေးဂိတ်ကို ချဉ်းကပ်ဖို့အတွက် အစ္စရေးအာဏာပိုင်တွေကို ကြိုတင်အသိပေး အကြောင်းကြားထားပြီးသား၊ ရှင်းလင်းကြောင်း အထောက်အထား အများအပြားကိုလည်း လက်ခံရရှိထားတယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“စစ်ပွဲအတွင်းဖြစ်ပွားတဲ့ ပထမဆုံး လုံခြုံရေးအဖြစ်အပျက် မဟုတ်ပေမဲ့ လိုအပ်တဲ့ ရှင်းလင်းမှုတွေ စာရွက်စာတမ်းတွေ ရှိထားပေမဲ့ WFP ယာဉ်ကို စစ်ဆေးရေးဂိတ်အနီးမှာ တိုက်ရိုက်ပစ်ခတ်တာ ဒါပထမဆုံးအကြိမ်ပဲ” လို့ WFP က ပြောပါတယ်။ 

ကျည်ဆန်တွေ ထိမှန်ခဲ့ပေမဲ့ ကားပေါ်က ဝန်ထမ်း ၂ ဦး ထိခိုက်မှု မရှိခဲ့ပါဘူး။ အဲဒီယာဉ်ဟာ အစ္စရေးစစ်ဆေးရေးဂိတ်မှ မီတာအနည်းငယ်အကွာမှာ တိုက်မိခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ 

အစ္စရေးနဲ့ တချိန်လုံး အဆက်အသွယ် လုပ်ပြီးတော့ ညှိနှိုင်းနေပေမဲ့ ညှိနှိုင်းရေးစနစ်တွေက အလုပ်မဖြစ်ကြောင်း၊ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်ပွားစေဖို့အတွက် IDF နဲ့ ဆက်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ 

အစ္စရေးစစ်တပ်ဟာ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပါဘူး။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024