Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေးက စစ်ဆင်ရေး အရှိန်မြှင့်
DVB
·
August 22, 2024
Photo - REUTERS/Amir Cohen

အစ္စရေးစစ်တပ်က ဂါဇာမြို့ကို သြဂုတ် ၂၁ ရက်က တိုက်ခိုက်ခဲ့ရာမှာ စာသင်ကျောင်းနဲ့ အနားက နေအိမ်တလုံးကို ထိမှန်လို့ လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေထဲက အရေးပေါ်ဌာနက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဂါဇာကို ထိုးစစ်စတင်ချိန်ကစပြီး အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းနယ်မြေတွေကို ပြောင်သလင်းခါအောင် ဖြိုဖျက်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဂါဇာကမ်း‌မြောင်အလယ်ပိုင်းက ဒီယာအယ်လ် ဘာလာမြို့နဲ့ တောင်ပိုင်းက ခန်းယူးနစ်မြို့တို့မှာ အစ္စရေး စစ်တပ်က စစ်ဆင်ရေးတွေ အရှိန်မြှင့်လာချိန် ဩဂုတ် ၂၂ ရက် အရုဏ်တက်ချိန်ကစပြီး လူ ၂၂ ယောက် သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။

အစ္စရေးစစ်တပ်က ဘေးလွတ်ရာရွှေ့ဖို့ အမိန့်အသစ် ထုတ်ပြန်လိုက်လို့ ထောင်ချီတဲ့ ပါလက်စတိုင်းသားတွေဟာ လူပြည့်ကျပ်နေပြီဖြစ်တဲ့ မြို့လယ်ထဲကို တိုးဝင်လာခဲ့ကြပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရသေးဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နောက်ဆုံးအကြိမ် ဒေသတွင်း ခရီးစဉ်ကို အဆုံးသတ်ပြီးတဲ့နောက် ခုလို လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဂါဇာစစ်ပွဲမှာ လူ ၄၀,၂၂၃ ယောက်ထက်မနည်း သေဆုံးပြီး ၉၂,၉၈၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ် ဦးဆောင်ပြီး အစ္စရေးကို တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံထဲမှာ ခန့်မှန်းခြေ လူ ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး ၂၀၀ ကျော်ကို ဟားမတ်စ်တွေက ဂါဇာဆီ ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013