Home
မြန်မာသတင်း
နောင်ချိုမြို့နယ်တွင် စစ်ပွဲကြောင့်  စပါးမစိုက်ပျိုးနိုင်
DVB
·
August 28, 2024

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သဲခေါ်၊ ရေဝင် ရွာတွေဘက် တိုက်ပွဲနဲ့နီးရာ ကားလမ်းဘေး တလျှောက်က လယ်တွေမှာ အခုနှစ် စပါး မစိုက်ပျိုးနိုင် တော့လို့ ဆန်အတွက် ပူပန်နေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံ အမျိုးသားတဦးက "ရေဝင်နဲ့ သဲခေါ် ရွာတွေက တိုက်ပွဲနဲ့ နီးတယ်လေ။ အဲဒီ ကားလမ်း တလျှောက်က လယ်တွေ ဒီနှစ် စပါး လုံးဝ မစိုက်နိုင်တော့ဘူး။ ဧက ၅၀ နဲ့ အထက် ရှိမယ်" လို့ ပြောပါတယ်။ 

လာမယ့်နှစ်အတွက် ဆန်စပါး မရတော့တာကြောင့် စားနပ်ရိက္ခာ အတွက်စိုးရိမ်နေရသလို လက်ရှိမှာလည်း စစ်ရှောင်နေရတာကြောင့် ဘာမှ လုပ်မရပဲ အိမ်က နိုင်သလောက် သယ်လာတဲ့ ဆန်တွေပဲ ရှိတော့တယ်လို့ ရေဝင် ဒေသခံက ပြောပါတယ်။ 

"ဒီနှစ် ကျမတို့ ရွာတရွာလုံးမှာ စပါးစိုက်နိုင်တဲ့ အိမ် တအိမ်ပဲ ရှိတယ်။ ဒါတောင် သူတို့ လယ်က တိုက်ပွဲဖြစ်တာနဲ့ ဝေးလို့။ ရွာထဲမှာလည်း စစ်သားတွေ ပြည့်နေတယ်။ အိမ်က ရှိတဲ့ စပါးအိတ်တွေလည်း စစ်သားတွေ ဘန်ကာ လုပ်ပြီး မိုးတွေ စိုကုန်ပြီလို့ သိရတယ်။ ပုပ်ကုန်ရောပေါ့။” 

သဲခေါ်ရွာနဲ့ ရေဝင်ရွာက စစ်ရှောင်ရတာ အကြာဆုံးဖြစ်ပြီး စစ်ရှောင် နေလို့ နေအိမ်တွေလည်း သူခိုးဖောက်ခံရပေမဲ့ ရွာထဲ ပြည်သူတွေကိုဝင်ခွင့် မပြုလို့ အသေးစိတ် မသိရဘူးလို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။ 

"အိမ်လည်း သူခိုးတွေ ခိုးကုန်ပြီတဲ့။ သူခိုးတွေ ကျတော့ ရွာထဲ ဝင်ထွက်လို့ နေလို့ရတယ်။ သူခိုးတွေနဲ့ စစ်သားတွေများ ပေါင်းပြီး ခိုးကြတာလားမသိဘူး။ ရွာက လူတွေကျတော့ မဝင်ခိုင်းဘူး။ သဲခေါ် နဲ့ ရေဝင် အဆိုးဆုံးပဲ။ အိမ်တွေမှာ ဘာမှ မရှိတော့ဘူး ထင်တယ်။" 

အုမ္မတီးနဲ့ အထက်ပိုင်းက ငြိမ်သွားပြီဖြစ်ပြီး ဘန့်ဘွေးရွာထဲတော့ ‌ဒေသခံတွေကို နေထိုင်ခွင့် မပြုပေမဲ့ အိမ်လာကြည့်လို့ရတယ်၊ ဘန့်ဘွေးကနေ အောက်ဘက်ပိုင်း ပြင်ဦးလွင်လမ်းလည်း သွားလာလို့ရပြီး အဲဒီ မန္တလေး - နောင်ချို ပြည်ထောင်စု လမ်းမပေါ်မှာ ရေဝင်ရွာနဲ့ သဲခေါ်ရွာမှာပဲ လမ်းတွေလည်း ပိတ်ထားနေတယ်လို့ သူက ရှင်းပြပါတယ်။ 

ကောက်ရ စပါး၊ ဂျုံ၊ ပြောင်း တွေကို ပြည်ပ ပို့ကုန် အဖြစ်စိုက်ပျိုးကြပြီး ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ တခြားဟင်းသီး ဟင်းရွက်တွေကို စီးပွားဖြစ်အများအပြား စိုက်ပျိုးကာ တနှစ်ကို သီးထပ် ၂ ထပ်၊ ၃ ထပ် စိုက်ပျိုး ကြတာလို့ ဆိုပါတယ်။ 

မန္တလေး - နောင်ချို လမ်းမ နောင်ချို အတက် ဘက်ခြမ်း သဲခေါ်ရွာ ကနေစပြီး TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထားပြီး မန္တလေး အဆင်းဘက်ခြမ်း အဆင်းလမ်း ရေဝင်ရွာ ကနေစပြီး အောက်ဘက်ပိုင်း စစ်ကောင်စီ ဘက်က နေရာယူ ထားပြီး သဲခေါ်နဲ့ ရေဝင်က ဟိုဘက် ဒီဘက် မျက်နှာချင်းဆိုင် အနေအထား စစ်ရေးတင်းမာနေတာ လို့ ဆိုပါတယ်။

အဲဒီ သဲခေါ်နဲ့ ရေဝင် ဒေသခံတွေဟာ မြောက်ပိုင်း မဟာမိန် ညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမ ပိုင်းမှာလည်း တိုက်ပွဲ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ရသလို လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာလည်း တိုက်ပွဲကနေ ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေကြရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013