နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ယို့ဘ်ပြည်နယ်ရှိ မာဖာကျေးရွာကို ဘိုကိုဟာရမ် စစ်သွေးကြွတွေက စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းက မော်တော်ဆိုင်ကယ်တွေနဲ့ တရှိန်ထိုး ဝင်ရောက်လာကာ ဈေးကို ပစ်ခတ်ခဲ့ပြီးတော့ ဈေးဆိုင်တွေနဲ့ နေအိမ်တွေကို မီးတင်ရှို့ခဲ့ကြတာကြောင့် အနည်းဆုံး လူ ၃၇ ယောက် သေဆုံးခဲ့ရကြောင်း စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။
မာဖာကျေးရွာကို ယို့ဘ်ပြည်နယ်ဆိုင်ရာ စစ်တပ်က သွားရောက်ခဲ့ပြီး ကျေးရွာဆီ သွားရာလမ်းကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပိတ်ဆို့ထားတာကို တပ်ဖွဲ့ဝင်တွေက ချေမှုန်းနိုင်ခဲ့တယ်လို့ စစ်ဘက်အရာရှိက ပြောကြားခဲ့ပါတယ်။
အလောင်း ၃၇ လောင်းကို ဆယ်ယူရရှိပြီး ဘာဘန်ဂီဒါ အထွေထွေဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်းလည်း ဆိုပါတယ်။
ဈေးနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးပြီးနောက်မှာ စစ်သွေးကြွတွေဟာ ချုံဖုတ်တွေထဲ ဝင်ပြေး ပုန်းကြတဲ့ ရွာသားတွေကို လိုက်ဖမ်းပြီး ပစ်သတ်ခဲ့ကြတာကြောင့် ပျောက်ဆုံးနေတဲ့ ရွာသားတွေ အများအပြားရှိသလို သေဆုံးသူအရေအတွက် ပိုမိုများပြားနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
တချို့အလောင်းတွေဟာ ချုံပုတ်တွေထဲမှာ ရှိနေသေးပြီး သေဆုံးသူဦးရေမှာ ၁၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားကြောင်း ဒေသခံ မိုဒူ မိုဟာမက်ဒ်က ပြောပါတယ်။
ဒီတိုက်ခိုက်ခံရမှုဟာ ဒေသခံ ကင်းစောင့်တပ်က ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမားလို့ သံသယရှိသူ ၂ ယောက်ကို သတ်ဖြတ်တဲ့အတွက် လက်တုံ့ပြန်တာဖြစ်ကြောင်း ယို့ဘ်ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒွန်ဂတ်စ် အဗ္ဗဒူလ်ကာရင်မ်က ပြောပါတယ်။
အကြမ်းဖက်သမားတွေက လူအများအပြားကို သတ်ခဲ့ပေမဲ့ အမှန်တကယ် အသေအပျောက် အရေအတွက်ကို မသိရသေးဘူးလို့ အဗ္ဗဒူလ် ကာရင်မ်က ပြောပါတယ်။
Source-Reuters