ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာရှိ မာကလဗဟိုအကျဉ်းထောင်မှာ စက်တင်ဘာ ၂ ရက် အစောပိုင်းက ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းမှုအတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂၉ ယောက် သေဆုံး၊ ၅၉ ယောက်ခန့် ဒဏ်ရာရခဲ့ကြောင်း ကွန်ဂိုအစိုးရက စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခြေအနေကို ထိန်းချုပ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၂ ရက် မနက် ထုတ်ပြန်ထားပါတယ်။
အကျဉ်းထောင်အုပ်ချုပ်ရေး အဆောက်အအုံ၊ ထောင်ရဲ့ စားနပ်ရိက္ခာ သိုလှောင်ရုံနဲ့ ထောင်ဆေးရုံတို့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကွန်ဂိုပြည်ထဲရေးဝန်ကြီး ဂျက်ကာမန် ရှာဘနီ လူကူး ဘီဟန်ဂိုက X မီဒီယာမှာ ပို့စ်တင်ထားပါတယ်။
“မာကလ ဗဟိုအကျဉ်းထောင်မှာ ထူးထူးခြားခြား ထောင်ဖောက်ပြေးမယ့် ဖြစ်ရပ်ကို ကြုံလိုက်ရပြီး ဒီအခြေအနေကို လုံခြုံရေးတပ်ဖွဲ့တွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခဲ့တယ်” လို့ D.R ကွန်ဂို ပြည်ထဲရေးဝန်ကြီး ဂျက်ကာမန် ရှာဘနီက ပြောပါတယ်။
အခြေအနေကို စောင့်ကြည့်စစ်ဆေးဖို့နဲ့ အထူးသဖြင့် စုံစမ်းစစ်ဆေးမှုတွေမှာ နောက်ဆက်တွဲအနေနဲ့ ကော်မရှင်ငယ်တခု တာဝန်ပေးထားပါတယ်လို့လည်း ဆိုပါတယ်။
ဒါတွေဟာ လက်ရှိဖြေရှင်းနေရတဲ့ အလောတကြီး အနေအထား ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စာရွက်စာတမ်းတွေ ပျက်စီးသွားနိုင်ကြောင်းလည်း မှတ်ချက်ပြုပါတယ်။
ဘယ်အကျဉ်းသားမှ လွတ်မြောက်သွားခြင်း မရှိကြောင်းနဲ့ ထွက်ပြေးဖို့ ကြိုးပမ်းသူတွေ သေဆုံးခဲ့ကြောင်း ထောင်အရာရှိတယောက်က ပြောသွားပါတယ်။
အကျဉ်းသားတွေရဲ့ ရိုက်တာသတင်းဌာနကို ပြောပြချက်အရ ဒေသစံတော်ချိန် မနက် ၂ နာရီလောက်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ပိုပြင်းထန်ကျယ်လောင်တဲ့ ပစ်ခတ်မှုတွေ ဖြစ်လာပြီးတော့ အပြင်ဘက်က အကျဉ်းသားတွေရဲ့ အသံကြောင့် နိုးလာကြခဲ့တယ်လို့ သိရပါတယ်။
တချို့အဆောင်တွေကို ဖွင့်ထားပြီး တချို့အဆောင်တွေတော့ မဖွင့်ပေးထားကြောင်းနဲ့ စစ်သားတွေက လှုပ်ရှားမှုမှန်သမျှကို သေနတ်နဲ့ပစ်နေတာလို့ တတိယမြောက် အကျဉ်းသားက ရိုက်တာကို ပြောပါတယ်။
Source-Reuters