Home
နိုင်ငံတကာ
ကွန်ဂိုအရှေ့ပိုင်း ဆေးရုံတွင် မျောက်ကျောက်လူနာများ ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်
DVB
·
September 3, 2024
Photo-Reuters

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းက ကာဗူမူဒေသဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပြီးခဲ့တဲ့လက ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့တဲ့ မျောက်ကျောက်လို့ခေါ်တဲ့ mpox ရောဂါ ဖြစ်ပွားမှုရဲ့ ဗဟိုချက်နေရာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ လအတွင်း ရောဂါလက္ခဏာပြလူနာ အယောက် ၉၀၀ ကို လက်ခံထားတဲ့ ဒီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ပြင်းထန်တဲ့ ဆေးဝါးပြတ်လပ်မှုနဲ့ရော လူနာအသစ် ဝင်လာလို့ ထားစရာနေရာ မရှိတာကိုပါ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကလေးရော လူကြီးပါ လူနာပေါင်း ၁၃၅ ယောက်ဟာ ကြမ်းပြင်မှာ အဖုံးအကာမရှိဘဲ စိုစွတ်တဲ့ မြေကြီးပေါ်မှာ ဆောက်ထားတဲ့ ပလတ်စတစ်တဲကြီး ၃ ခုကြားမှာ ကြပ်ညပ် နေထိုင်ရပါတယ်။

ကာဗူမူဆေးရုံလို ငွေကြေးမတတ်နိုင်တဲ့ အများသုံး အဆောက်အဦတွေမှာ အစားအစာတွေ ပို့ပေးရတဲ့ ဆွေမျိုးတွေဟာလည်း ကူးစက်မခံရအောင် ကာကွယ်ဖို့ mpox ကူးစက်ခံတွေကို ထားတဲ့ လူနာဆောင်ဆီ မသွားဖို့ တားမြစ်ခံထားရပါတယ်။

“ကျနော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ပထမစိန်ခေါ်မှုက ဆေးဝါးတွေ နေ့တိုင်း ကုန်သွားတဲ့အတွက် ဆေးဝါးထောက်ပံ့ဖို့ပါ” လို့ ဆရာဝန်ကြီး မူဆိုလေ မူလမ်ဘာ မူဗာက ပြောပါတယ်။

Mpox ဟာ တုပ်ကွေးလို လက္ခဏာတွေ၊ အရည်ကြည်ဖုတွေ ပြည့်နေတဲ့ အနာတွေကို ဖြစ်စေပြီး အများအားဖြင့် အားပျော့ပေမဲ့ အသက်ဆုံးရှုံးနိုင်ပါတယ်။

ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ခုခံအားစနစ် အားနည်းသူတွေမှာ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဒေါက်တာ မူဗာက “သူရနိုင်တဲ့ ဘယ်အကူအညီကိုမဆို တောင်းဆိုခဲ့ပါတယ်။ ကျနော်တို့ ဒေသန္တရနည်းလမ်းနဲ့ ကျော်လွှားဖို့ ရုန်းကန်နေရတဲ့ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်” လို့လည်း ပြောပါတယ်။

ကွန်ဂိုသမ္မတ ဖီးလစ် ရှီဆေကေဒီက ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ဖို့ ပထမအကြိမ် ဒေါ်လာ ၁၀ သန်း ထုတ်ပေးခဲ့ပြီး ဗိုင်းရပ်စ်အသစ်ကို တိုက်ဖျက်ဖို့ ရက်ပိုင်းအတွင်း ကာကွယ်ဆေးတွေ ရောက်လာမယ်လို့ ပြောပါတယ်။

အာဖရိကတိုက်အလယ်ပိုင်းက ကျယ်ပြန့်တဲ့ ဒေသတွေမှာ ဆေးဝါးချို့တဲ့နေပြီး ကမ္ဘာ့ဘဏ်က ပေးတဲ့ ဆေးဝါး ၁၁၅ တန် အပါအဝင် လှူဒါန်းမှုတွေကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ ကွန်ဂိုရဲ့ mpox တုံ့ပြန်ရေးအဖွဲ့ အကြီးအကဲ ခရစ်စ် ကာစီတာက ဝန်ခံခဲ့ပါတယ်။

ကွန်ဂိုမှာ အခုနှစ်အစပိုင်းကစပြီး Mpox သံသယလူနာ ၁၉,၇၁၀ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သူတို့ထဲက ၅,၀၄၁ ယောက်ကို အတည်ပြုခဲ့ပြီး ၆၅၅ ယောက် သေဆုံးခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024