ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရဲ့ မြို့တော် ကင်ရှာဆာက ဆရာဝန်တွေဟာ မျောက်ကျောက်ရောဂါ mpox ဝေဒနာခံစားနေရတဲ့ လူနာတွေကို ကုသရင်း ဆေးရုံတွေကလည်း ရောဂါကူးစက်နှုန်း မြင့်တက်လာတာကို ဆက်လက်တိုက်ဖျက်နေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က mpox ကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အခုလအစောပိုင်းမှာ ကြေညာပြီးကတည်းက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက သတိထားနေတာပါ။
ဗစ်ဂျာနာ ဆေးရုံက Mpox စင်တာရဲ့ အကြီးအကဲ ဒေါက်တာ ဟိုဆေး ပူလူလူက ပြင်းထန်ပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ ချဉ်းကပ်ပုံကို အသေးစိတ် ဖော်ပြရင်း လိင်အင်္ဂါဒဏ်ရာတွေ အပါအဝင် mpox ရဲ့ ဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗိုင်းရပ်စ်အသစ်ကို တိုက်ဖျက်ဖို့ ကွန်ဂို ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆီ လာမယ့်ရက်ပိုင်းအတွင်း mpox ကာကွယ်ဆေးတွေ ရောက်လာဖို့ မျှော်လင့်ထားတယ်လို့ ကြေညာခဲ့ပါတယ်။
ဥရောပကော်မရှင်နဲ့ ဒိန်းမတ် ကာကွယ်ဆေး ထုတ်လုပ်သူ ဘာဗားရီးယန်း နောဒစ်တို့က လှူတဲ့ ဆေးပမာဏ ၂၃၀,၀၀၀ လောက်ကို ဖြန့်ဖြူးဖို့ အဆင်သင့်ဖြစ်နေပြီလို့ WHO က တာဝန်ရှိသူ တင်မ် ငုယန်က ပြောပါတယ်။
ကာကွယ်ဆေးထိုးဖို့ တွန်းအားပေးနေပေမယ့် တချို့လူနာတွေက ဆေးထိုးဖို့ ချီတုံချတုံ ဖြစ်နေကြဆဲပါ။
“ကာကွယ်ဆေးကို လက်ခံဖို့ ရှင်းပြချက်လိုတယ်။ ငါ့ခန္ဓာကိုယ်ကို ဘာလုပ်မှာလဲ"လို့ ဂေဟာမှာ ဆေးကုသမှု ခံယူနေတဲ့ mpox လူနာတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
WHO က အခုနှစ်အတွင်း ကွန်ဂိုမှာ မျောက်ကျောက် ကူးစက်ခံ သံသယရှိသူ အယောက် ၁၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၂၉ ဦးရှိပြီလို့ အစီရင်ခံခဲ့ပြီး ဘူရွန်ဒီနိုင်ငံမှာ အတည်ပြုလူနာ ၁၅၀ ကျော် ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
Source-Reuters