အီရန်နိုင်ငံဟာ သုတေသနဂြိုဟ်တုတလုံးကို တော်လှန်ရေးအစောင့်တပ်က တည်ဆောက်ပေးတဲ့ ရော့ကတ်နဲ့ စက်တင်ဘာ ၁၄ ရက်နေ့က အာကာသထဲ အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။
အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေလက်လွှဲပေးခဲ့ပြီး ယူကရိန်းနဲ့စစ်ပွဲမှာ လာမယ့် ရက်သတ္တပတ်အတွင်း အသုံးပြုဖွယ်ရှိတယ်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စွပ်စွဲနေကြချိန်မှာ အခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
Chamran-1 ဂြိုဟ်တုကို Qaem-100 ဂြိုဟ်တုလွှတ်ဒုံးပျံသုံးပြီး လွှတ်တင်ခဲ့တာဖြစ်ပြီး မြေပြင်က မိုင် ၃၄၀ အကွာ ကမ္ဘာပတ်လမ်းထဲကိုရောက်ရှိချိန်မှာ ပထမဆုံး အချက်ပြပို့လွှတ်မှုတွေ လက်ခံရရှိတယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
၆၀ ကီလိုဂရမ်လေးတဲ့ ဒီဂြိုဟ်တုရဲ့ အဓိကမစ်ရှင်ကတော့ ကမ္ဘာပတ်လမ်းအတွင်းမှာ လည်ပတ်နိုင်စွမ်းကို သရုပ်ပြဖို့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲစမ်းသပ်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်ဟာ ဂြိုဟ်တုလွှတ်တဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်နည်းပညာ စမ်းသပ်မှုအမည်ခံပြီး နျူကလီးယားထိပ်ဖူးတွေ အပါဝင် တာဝေးပစ်လက်နက်တွေ ပစ်လွှတ်နိုင်စွမ်းကို စမ်းသပ်နေတာလို့ အမေရိကန်က စွပ်စွဲထားပေမဲ့ အီရန်ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source-Reuters