မြောက်ကိုရီးယားဟာ စက်တင်ဘာ ၁၈ ရက်က တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့က ပြောကြားခဲ့ပါတယ်။
ဒုံးကျည်တွေကို မြို့တော်ပြုံယမ်းရဲ့ မြောက်ဘက် ဂယ်ချွန်းမြို့ကနေ မနက် ၆ နာရီ ၅၀ မိနစ် လောက်မှာ အရှေ့မြောက်ဘက်ကို ဦးတည်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ (JCS) က ပြောကြားခဲ့ပြီး အရေအတွက် ဘယ်လောက် ဆိုတာတော့ အတိအကျ မဖော်ပြပါဘူး။
JCS ရဲ့ ထုတ်ပြန်ချက်မှာတော့ “ကျနော်တို့စစ်တပ်တွေဟာ အချိန်မရွေး အဆင်သင့် အနေအထား ရှိနေပြီး နောက်ထပ် ပစ်လွှတ်မှုတွေအတွက် စောင့်ကြည့်ကြပ်မတ်မှုကို အားကောင်းကောင်း ပြင်ဆင်ထားပြီး အမေရိကန်၊ ဂျပန်တို့နဲ့ နီးနီးကပ်ကပ် သတင်းအချက်အလက် မျှဝေထားပါတယ်” လို့ ဖော်ပြထားပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးဒုံးကျည်ကို ပစ်လွှတ်လိုက်ပြီးနောက် မိနစ် ၃၀ အကြာမှာ သတိပြုမိခဲ့ပြီး နောက်ထပ် ပဲ့ထိန်းဒုံးကျည် တစင်းကို ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဒုံးကျည်ဟာ ပြုတ်ကျသွားပုံပေါ်တယ်လို့လည်း ကမ်းခြေစောင့်တပ်ဖွဲ့က ထပ်လောင်း ပြောဆိုပါတယ်။
ပြုံယမ်းဟာ ယူရေနီယံသန့်စင်ရေးစက်ရုံကို ထုတ်ဖော်ပြသခဲ့ပြီး သူ့ရဲ့ နျူလက်နက်တွေကို တိုးမြှင့်ထုတ်လုပ်သွားမယ်လို့ ပြောကြားပြီး ရက်ပိုင်းအကြာမှာပဲ တပတ်အတွင်း ဒုတိယအကြိမ် အဖြစ် အရှေ့ဘက်ကို တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့တာပါ။
ဂျပန်အစိုးရဝန်ကြီးအဖွဲ့မှ ဒုတိယအတွင်းဝန် ဟိရိုရှိ မိုရိယက “မြောက်ကိုရီးယားရဲ့ နျူးကလီးယားဒုံးကျည်တွေ ဖွံ့ဖြိုးတိုးတက်လာမှုဟာ ကျနော်တို့နိုင်ငံနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ပြီး ဒါကို လုံးဝ လက်မခံနိုင်ပါဘူး” လို့ စက်တင်ဘာ ၁၈ ရက်မှာ ဝေဖန်ပြောကြားခဲ့ပါတယ်။
ဒုံးကျည်တွေဟာ ဂျပန်ပိုင်နက်နဲ့ နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်တို့ရဲ့ အပြင်ဘက်ကို ကျရောက်ခဲ့တာဖြစ်ပြီး ရေယာဉ်တွေနဲ့ လေယာဉ်တွေကို ထိခိုက်ပျက်စီးမှု လောလောဆယ် အတည်ပြုချက် မရှိသေးဘူးလို့ ပြောပါတယ်။
ဒီပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ပေကျင်းမှာရှိတဲ သံတမန်လမ်းကြောင်းတွေကနေ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်လို့လည်း ပြောကြားသွားပါတယ်။
Source-Reuters