မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ယူရေနီယံ သန့်စင်စက်ရုံကို သွားရောက်ခဲ့ပြီး နျူးကလီးယားဗုံးတွေအတွက် လက်နက်အဆင့်ရှိတဲ့ ပစ္စည်းတွေကို ပိုမိုထုတ်လုပ်ဖို့ ဆန်ထရီဖြူ့ဂျ် (အရာဝတ္ထု အမျိုးအစား ခွဲထုတ်စက်) အသစ်တွေကို ထုတ်လုပ်ဖို့ တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကင်မ်ဂျုံအန်းရဲ့ နျူလက်နက် အင်စတီကျုနဲ့ လက်နက်အဆင့် နျူးကလီးယားပစ္စည်းများ ထုတ်လုပ်ရေးစခန်း ခရီးစဉ်အပေါ် အစီရင်ခံစာကို ရုပ်ငြိမ်ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အများအပြားအရ တားမြစ်ထားတဲ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်ကို ရှားရှားပါးပါး အရိပ်အယောင် ပြထားတာလည်း ဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဘယ်တုန်းက သွားရောက်ခဲ့တယ် ဆိုတာနဲ့ စက်ရုံရဲ့တည်နေရာကို ရှင်းရှင်းလင်းလင်း မပြောထားပါဘူး။
ဓာတ်ပုံတွေထဲမှာ ကင်မ်ဂျုံအန်းဟာ ယူရေနီယမ်သန့်စင် သတ္တုစက်လိုင်းတွေကြားထဲ လမ်းလျှောက်နေတာကို တွေ့ရပါတယ်။
ကင်မ်ဂျုံအန်းဟာ ၆၀၀ မမ မျိုးစုံပစ် ဒုံးလောင်ချာစနစ်အသစ် စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ကွပ်ကဲနေပြီး တိုက်ခိုက်ရေးလေ့ကျင့်မှုကို လမ်းညွှန်မယ့် မြောက်ကိုရီးယား စစ်တပ်ရဲ့ အထူးစစ်ဆင်ရေး လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းကို ကြည့်ရှုစစ်ဆေးခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်အတွက် ပစ္စည်းတွေ ပိုမိုထုတ်လုပ်ဖို့ အလုပ်သမားတွေကို တိုက်တွန်းခဲ့ပြီး နိုင်ငံရဲ့ နျူးကလီးယား လက်နက်တိုက်ဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေဆီက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် အရေးကြီးတယ်လို့လည်း ပြောသွားပါတယ်။
မိမိကိုယ်ကို ခုခံကာကွယ်ဖို့နဲ့ ကြိုတင်တိုက်ခိုက်နိုင်မှုအတွက် လက်နက်တွေ လိုအပ်နေတယ် လို့လည်း သူကဆိုပါတယ်။
အမေရိကန်နယ်ချဲ့တွေ ဦးဆောင်တဲ့ တပ်ဖွဲ့တွေက မြောက်ကိုရီးယားဆန့်ကျင်ရေး နျူးကလီးယား ခြိမ်းခြောက်မှုတွေဟာ သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်လာခဲ့ပြီ လို့လည်း မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။
မြောက်ကိုရီးယားမှာ ယူရေနီယံ သန့်စင်ဖို့အတွက် နေရာအများအပြားရှိတယ်လို့ ယူဆရကြောင်း ရိုက်တာသတင်းမှာ ခန့်မှန်းထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက် ပိုင်ဆိုင်မှု အရေအတွက် ခန့်မှန်းချက်တွေဟာ အမျိုးမျိုး ကွဲပြားနေပါတယ်။
အမေရိကန်သိပ္ပံပညာရှင်များ အဖွဲ့ချုပ်ရဲ့ ဇူလိုင်လ အစီရင်ခံစာအရ မြောက်ကိုရီးယား နိုင်ငံဟာ နျူးကလီးယားထိပ်ဖူး ၉၀ အထိ တည်ဆောက်နိုင်တဲ့ နျူးကလီးယားမစ်ဆိုင်းလ် အလုံအလောက် ထုတ်လုပ်နိုင်ပေမဲ့ အလုံး ၅၀ နီးပါးအထိ စုစည်းနိုင်ဖွယ်ရှိတယ်လို့ ကောက်ချက်ချထားပါတယ်။
Source-Reuters