နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အီရန်ခေါင်းဆောင်သစ်တွေနဲ့ သိပ်မဝေးတဲ့ အနာဂတ်မှာ နျူးကလီးယား ဆွေးနွေးပွဲတွေ ပြန်စမယ်လို့ IAEA အကြီးအကဲ ရာဖယ် မာရီယာနို ဂရော့ဇီက စက်တင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ မေလက ရဟတ်ယာဉ်ပျက်ကျ သေဆုံးအပြီးမှာ ကုလသမဂ္ဂ နျူးကလီးယားစောင့်ကြည့်ရေး အေဂျင်စီနဲ့ အီရန်ကြား ဆွေးနွေးပွဲတွေ ရပ်သွားခဲ့တာပါ။
ဂရော့ဇီက“အီရန်သမ္မတသစ်နဲ့ ကျနော်တို့ အပြန်အလှန် ဆက်သွယ်ရာမှာ ကျနော်နဲ့ရော IAEA နဲ့ပါ အင်မတန် အပြုသဘောဆောင် ပွင့်လင်းတဲ့ ဆက်ဆံရေးကို ဖလှယ်ခဲ့တယ်” လို့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
“ကျနော်တို့ တယောက်ကိုတယောက် နားထောင်ဖို့၊ နားလည်ဖို့၊ သိရှိဖို့ လိုတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
အီရန်ဟာ ယူရေနီယံကြွယ်ဝရေး ထုတ်လုပ်ရေးမှာ အကြီးအကျယ် တိုးတက်ဖွံ့ဖြိုးအောင် အမြန် အကောင်အထည်ဖော်နေတဲ့ အရိပ်အယောင်တွေ လောလောဆယ် မရှိသေးပေမဲ့ အီရန်နိုင်ငံရဲ့ ယူရေနီယံသန့်စင်ရေး အစီအစဉ် ဆက်လက်တိုးတက်နေချိန်မှာ အီရန်ရဲ့ အဏုမြူလှုပ်ရှားမှုတွေအပေါ် ကြီးကြပ်ရေးတာဝန်ကို တိုးချဲ့ဖို့ IAEA က ကြိုးစားနေပါတယ်။
အီရန်ဟာ သန့်စင်မှု ၆၀ ရာခိုင်နှုန်းအထိ ယူရေနီယံကို သန့်စင်အောင် လုပ်နေတာပါ။ နျူလက်နက်အဆင့်ကို ရောက်ဖို့ ယူရေနီယံကို ၉၀ ရာခိုင်နှုန်း နီးပါးအထိ သန့်စင်ဖို့ လိုအပ်ပြီး နျူးကလီးယားလက်နက် မထုတ်လုပ်ဘဲ တခြားနိုင်ငံတနိုင်ငံက ဒီအဆင့်ထိရောက်အောင် မလုပ်ကြဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
Source-Reuters