Home
နိုင်ငံတကာ
အီရန်ထိပ်တန်းခေါင်းဆောင်က  Cyberspace ထိန်းညှိပေးရန်  တောင်းဆို
DVB
·
August 29, 2024
Photo Crd- via REUTERS

ကမ္ဘာပေါ်ရှိ အင်တာနက်အသုံးပြုမှုအပေါ် အတင်းကျပ်ဆုံး ထိန်းချုပ်မှုတချို့ကို ချမှတ်ထားတဲ့ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အလီခါမေနီက  Cyberspace (ကွန်ပျူတာ ကွန်ရက်တွေမှတဆင့် ဆက်သွယ်နိုင်တဲ့ ပတ်ဝန်းကျင်)ကို ထိန်းညှိဖို့ လိုအပ်ကြောင်း သြဂုတ် ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

တခြားနိုင်ငံတွေက ဘယ်လိုထိန်းချုပ်မှုတွေ လုပ်နေတယ် ဆိုတာကို ပြင်သစ်နိုင်ငံမှာ တယ်လီဂရမ် အက်ပ်ကို တည်ထောင်သူ ပါဗဲလ်ဒူရို့ဗ်ကို ဖမ်းဆီးထားပုံကို ဥပမာအဖြစ် ကိုးကား ပြောဆိုသွားပါတယ်။ 

ခါမေနီက “Cyberspace ကို ထိန်းညှိဖို့အတွက် ဥပဒေတွေ ရှိဖို့လိုအပ်ပြီး ပြင်သစ်တွေကတော့ ဒူရို့ဗ်ကို ဖမ်းဆီးပြီး သူတို့ရဲ့ ဥပဒေတွေကို ဖောက်ဖျက်လို့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်မယ်လို့ ခြိမ်းခြောက်ထားတယ်” လို့ သမ္မတ မာဆွဒ် ပီဇက်ရှ်ခီယန်နဲ့ သူ့အစိုးရအဖွဲ့ကို ပြောပါတယ်။ 

Cyberspace ကို ဥပဒေအရ အုပ်ချုပ်နိုင်ရင် နိုင်ငံအတွက် အခွင့်အလမ်းတခု ဖြစ်လာမှာ ဖြစ်ပြီး မဟုတ်ရင်တော့ ခြိမ်းခြောက်မှုတခု ဖြစ်လာလိမ့်မယ်လို့ သူက ဆိုပါတယ်။ 

ဆွေးနွေးမှုတွေအတွင်းမှာ သမ္မတ ပီဇက်ရှ်ခီယန်ဟာ အင်တာနက် စစ်ထုတ်မှုကို ဝေဖန်ခဲ့ပြီး အထူးသဖြင့် စီးပွားရေးလုပ်ငန်း အသေးစား အများအပြားဟာ ဆိုရှယ်မီဒီယာပေါ်မှာ မှီခိုနေရတာကြောင့် နိုင်ငံရဲ့ စီးပွားရေးအပေါ်  သက်ရောက်မှုရှိနေတာကို ပြောကြားခဲ့ပါတယ်။ 

ပြင်သစ်နဲ့ ယူအေအီး ၂  နိုင်ငံသားလည်းဖြစ်တဲ့ ရုရှားနွယ်ဖွား ဒူရို့ဗ်ရဲ့ တယ်လီဂရမ် အက်ပ်ကို အစ္စလာမ့်သမ္မတနိုင်ငံမှာ ပိတ်ပင်ထားပါတယ်။ 

အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံး အင်တာနက်ထိန်းချုပ်မှု တချို့ ရှိပေမဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ ယူကျုဘ်တို့လို အမေရိကန်အခြေစိုက် လူမှုမီဒီယာတွေကို ပိတ်ဆို့ထားမှုအပေါ် နည်းပညာကျွမ်းကျင်တဲ့ အီရန်နိုင်ငံသားတွေဟာ  VPN တွေကို အသုံးပြုပြီး ပုံမှန်အားဖြင့် ကျော်လွှား သုံးစွဲနေကြတာ ဖြစ်ပါတယ်။ 

အီရန်နိုင်ငံဟာ အင်တာနက် အသုံးပြုသူတွေကို အွန်လိုင်းမှာ သူတို့ မျှဝေထားတဲ့ ပို့စ်တွေအပေါ် အခြေခံပြီး ပုံမှန်ကောက်ခံနေတာ ဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ အင်တာနက် ပိတ်ပစ်တဲ့ အကြိမ်အရေအတွက်အရ ကမ္ဘာ့တတိယအဆင့် ရှိကြောင်း ဒစ်ဂျစ်တယ် အခွင့်အရေးအဖွဲ့ Access Now အရ သိရပါတယ်။ 

အဲဒီထဲမှာ တနိုင်ငံလုံးနဲ့ ပစ်မှတ်ထားတဲ့ ဒေသတွေရှိ မိုဘိုင်းကွန်ရက်တွေကို ပိတ်ပစ်ခြင်း အပါအဝင် လုံးလုံးလျားလျား တားမြစ်ခြင်း မပြုထားတဲ့ အဓိက ပလက်ဖောင်း ၂ ခုဖြစ်တဲ့ အင်စတာဂရမ်နဲ့ WhatsApp ဝင်ရောက်ခွင့်တို့ကိုလည်း ပိတ်ပင်ထားကြောင်း Access Now က ပြောပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013