အီရန်နိုင်ငံအလယ်ပိုင်း ယာဇ်ဒ်ခရိုင်မှာ ပါကစ္စတန်ဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့လို့ ခရီးသည် ၂၈ ယောက် သေဆုံးပြီး တခြားလူ ၂၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီမတော်တဆမှုဟာ ယာဇ်ဒ်ခရိုင် တာ့ဖ်တ်မြို့ ဒေရှီယာဒေသမှာ အင်္ဂါနေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ပြီး အီရန်ယာဉ်ထိန်းရဲတပ်ဖွဲ့က ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ ဘတ်စ်ကားဘရိတ်စနစ်မှာ နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပွားရကြောင်း သိရပါတယ်။
ကားပေါ်မှာ လူပေါင်း ၅၃ ယောက် လိုက်ပါလာတာဖြစ်ပြီး အီရတ်နိုင်ငံ ကာဘလာပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင် အီမာမ်ဟူစိန်ရဲ့ နတ်ကွန်းကို သွားနေရင်း မတော်တဆမှု ကြုံရတာလို့ ယာဇ်ဒ်ခရိုင်ရဲ့ အကျပ်အတည်း စီမံခန့်ခွဲမှုဌာန အကြီးအကဲ အလီ မာလက်ဇာဒေက ပြောပါတယ်။
ယာဉ်မောင်းရဲ့ မထိန်းချုပ်နိုင်မှုနဲ့ ဒေသလမ်းတွေကို ရင်းနှီးကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် အရှိန်ပြင်းမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် ဘတ်စ်ကားက ပျက်သွားခဲ့ပြီး အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။
ရှီးယိုက်မွတ်ဆလင် သန်းပေါင်းများစွာဟာ အီရတ်နိုင်ငံ ကာဘလာပြည်နယ်ရှိ အာရ်ဘာအီန် ဘုရားဖူးဝတ်ပြုပွဲမှာ ပါဝင်ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
Source-Reuters