အီရန်တရားစီရင်ရေးဌာနဟာ တရားမဝင် လုပ်ဆောင်မှုတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကြောင့် ဂျာမနီနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းနှစ်ခုကို ပိတ်ချလိုက်ကြောင်း တရားစီရင်ရေးမဏ္ဍိုင်ရဲ့ မီဇန် သတင်းဌာနက သြဂုတ် ၂၀ ရက်မှာ ပြောလိုက်ပြီး ဒါဟာ ဟမ်းဘာ့ဂ်မြို့ရှိ အစ္စလာမ္မစ်စင်တာတခုကို ဂျာမနီက ပိတ်ပင်လိုက်ပြီးနောက် လှုပ်ရှားမှုတခု ဖြစ်ပါတယ်။
ဒါ့အပြင် တခြား ဂျာမနီနဲ့ တွဲဖက်ထားတဲ့ စင်တာတွေက ချိုးဖောက်မှုတွေရှိကြောင်း အစီရင်ခံစာတွေ ထွက်ပေါ်လာပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်ဆောင်နေတယ်လို့လည်း မီဇန်က ပြောကြားခဲ့ပါတယ်။
ဂျာမန်သံရုံးနဲ့ ချိတ်ဆက်ထားတဲ့ တီဟီရန်မြို့ရှိ ဂျာမန်ဘာသာစကားတက္ကသိုလ် ဆိုင်းဘုတ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖယ်ရှားခဲ့တဲ့ ဓာတ်ပုံတွေကို သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လတုန်းက ဂျာမနီဟာ အစွန်းရောက် အစ္စလာမ္မစ်ပန်းတိုင်တွေနောက် လိုက်လုပ်ဆောင်မယ့် အစ္စလာမ်စင်တာ ဟမ်းဘာ့ဂ် (IZH) နဲ့ အဖွဲ့အစည်း ရုံးခွဲတွေကို ပိတ်ပင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရပါတယ်။
IZH ဟာ အီရန်ရဲ့ အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ တိုက်ရိုက်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဂျာမနီမှာ အစ္စလာမ့်တော်လှန်ရေး လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အစ္စလာမ်စင်တာ ဟမ်းဘာ့ဂ် IZH ကို ပိတ်သိမ်းပြီးနောက်မှာ အီရန်က တီဟီရန်ရှိ ဂျာမန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
Source-Reuters