အီရန်က တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ရုရှားနိုင်ငံဆီ တင်ပို့နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဝေါစထရိဂျာနယ် သတင်းထောက်က စက်တင်ဘာ ၉ ရက်မှာ မေးမြန်းရာမှာ ရုရှားသမ္မတရုံးက ငြင်းဆိုလိုက်ပြီး အီရန်ဟာ ရုရှားရဲ့ မိတ်ဖက်ဖြစ်ပြီး ၂ နိုင်ငံဟာ နယ်ပယ်အားလုံးမှာ ဆွေးနွေးပွဲတွေ ဖော်ဆောင်နေတယ်လို့ ရှောင်လွှဲ ပြောဆိုလိုက်ပါတယ်။
အီရန်က ရုရှားဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပို့နေတယ်လို့ အမည်မဖော်တဲ့ အမေရိကန်နဲ့ ဥရောပ အရာရှိတွေကို ကိုးကားပြီး ဝေါစထရိဂျာနယ်က ရေးသားခဲ့တာပါ။
အဲဒီသတင်းတွေအားလုံးက မမှန်ဘူးလို့ ကရင်မလင် နန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
“အီရန်က ကျနော်တို့ရဲ့ မိတ်ဖက်ဖြစ်ပြီး ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ တိုးတက်နေတယ်၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်နေသလို အထိခိုက် မခံနိုင်ဆုံး နယ်ပယ်တွေ အပါအဝင် ဖြစ်နိုင်သမျှ နယ်ပယ်အားလုံးမှာ ဆွေးနွေးနေတာတွေ ရှိတယ်။”
ရုရှားက ယူကရိန်းကို ၂၀၂၂ မှာ ကျူးကျော်စစ်ဆင်နွှဲပြီး နောက်ပိုင်း အီရန်နဲ့ ရုရှားတို့ ဆက်ဆံရေး ပိုနီးကပ်လာခဲ့တာပါ။
အီရန်က ရုရှားစစ်တပ်ကို ရှာဟိဒ်ဒရုန်းတွေ ထောက်ပံ့ပေးခဲ့တယ်၊ အီရန်က ရုရှားကို ဒုံးကျည်တွေ လွှဲပေးတယ်ဆိုတဲ့သတင်းတွေဟာ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ် အကြီးတန်း စစ်ဦးစီးမှူး ဖာ့ဇ်လိုလာ နိုဇာရီက အီရန်အစိုးရ မီဒီယာကို စက်တင်ဘာ ၉ ရက်မှာ ပြောပါတယ်။
ရုရှားကို အီရန်က ဘယ်လို ပဲ့ထိန်းဒုံးကျည်ကို လွှဲပေးမှုကမဆို ယူကရိန်းစစ်ပွဲကို သိသိသာသာ အရှိန်တိုးလာစေလိမ့်မယ်လို့ အမေရိကန် အစိုးရက သောကြာနေ့မှာ ပြောခဲ့ပါတယ်။
Source-Reuters