ရုရှားတပ်ဖွဲ့တွေက ၂၄ နာရီအတွင်း ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်ဒေသထဲမှာ နောက်ထပ် ရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားက စနေနေ့မှာ ပြောခဲ့သလို ပေါ့ခ်ရော့ဗ်စ်ခ်ဒေသ ရှေ့တန်းက အခြေအနေတွေ တိုးတက်ကောင်းမွန်နေတယ်လို့ ယူကရိန်းကလည်း သတင်းထုတ်ပြန်ပါတယ်။
ရုရှားစစ်တပ်က ဒန်ညက်စ်ဒေသထဲမှာ ကာလီနိုဗိုရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားလေတပ်က ယူကရိန်းစစ်တပ်လေဆိပ်၊ ဒရုန်းအစိတ်အပိုင်းတွေနဲ့ နည်းဗျူဟာမြောက် ဒုံးကျည်တွေထုတ်တဲ့ စက်ရုံတွေ၊ နိုင်ငံခြားလက်နက်တွေ သိုလှောင်တဲ့ ဂိုဒေါင်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်း မောင်းသူမဲ့လေယာဉ် အစင်း ၃၀ ကို ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် ပစ်ချခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားစစ်တပ်ဟာ ကာ့က်စ်ခ်မြို့ကိုသွားတဲ့ လမ်းကြောင်းမှာ ယူကရိန်းစစ်သား ၂၈၀ သေဆုံး ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းတင့်ကား ၃ စီး၊ သံချပ်ကာယာဉ် ၁၀ စီး၊ အမြောက် ၉ စင်း၊ သယ်ယူပို့ဆောင်ရေးယာဉ် ၉ စီးနဲ့ အီလက်ထရွန်နစ် စစ်ဆင်ရေးသုံးပစ္စည်းတွေ အပါအဝင် တခြားပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီအတောအတွင်း စနေနေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲပေါင်း ၁၀၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က အစီရင်ခံ တင်ပြထားပြီး ဘက်ပေါင်းစုံက တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ပေါ့ခ်ရော့ဗ်စ်ခ်မှာ အခြေအနေ တိုးတက်ကောင်းမွန်ခဲ့ပေမဲ့ ခက်ခဲနေတုန်းပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
Source-Reuters