တရုတ်နိုင်ငံအနေနဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ထောက်ခံနေတာ ရပ်ဖို့ နေတိုးအတွင်းရေးမှူးချုပ် ယန်စ် စတိုလ်တန်ဘာ့ဂ်က စက်တင်ဘာ ၆ ရက်မှာ တောင်းဆိုလိုက်ပြီး စစ်ပွဲ ဆက်ဖြစ်ပွားနေတဲ့ အထဲ ပေကျင်းရဲ့ထောက်ခံမှုက အရေးပါတဲ့အချက် ဖြစ်နေတယ်လို့ ပြောလိုက်ပါတယ်။
“အီရန်နဲ့ မြောက်ကိုရီးယားတို့က မောင်းသူမဲ့လေယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ တခြား ပစ္စည်းတွေကို ထောက်ပံ့ပေးနေတဲ့အပြင် တရုတ်နိုင်ငံကလည်း သူ့ရဲ့အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရုရှားကာကွယ်ရေး စက်မှုအခြေစိုက် စခန်းအတွက် ပံ့ပိုးကူညီမှုတွေကြောင့် တရုတ်နိုင်ငံဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲအတွက် အဆုံးအဖြတ်ပေးစွမ်းနိုင်သူ ဖြစ်လာတယ်” လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က အော်စလိုမှာ သတင်းထောက်တွေကို ပြောကြားပါတယ်။
ဒါကြောင့် ရုရှားရဲ့တရားမ၀င်စစ်ပွဲကို အထောက်အပံ့ ပြုနေတာတွေကို ရပ်တန့်ပေးဖို့နဲ့ တရုတ် အနေနဲ့ ပေကျင်းရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ ဥရောပရဲ့ အကြီးမားဆုံး စစ်ရေး ပဋိပက္ခကို ဆက်ပြီး မီးလောင်ရာလေပင့် မလုပ်ဖို့ တရုတ်ကို တောင်းဆိုပါကြောင်း ယန်းစ်စတော့တန်ဘာ့ဂ်က ပြောပါတယ်။
ဒါပေမဲ့ ယူကရိန်းဟာ အခု စစ်ရေးအရ အထောက်အပံ့ ပိုလိုအပ်နေပြီး ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အမြန်ဆုံးနည်းလမ်းကတော့ ယူကရိန်းကို လက်နက်တွေ ပေးအပ်ဖို့ပါပဲလို့လည်း ဆိုပါတယ်။
အထူးသဖြင့် ဒီစစ်ပွဲရဲ့ ခက်ခဲတဲ့အဆင့်မှာ သူတို့ရဲ့ အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ ဆက်လုပ်ဖို့ မဟာမိတ်အားလုံးကို တောင်းဆိုပါတယ်လို့ ယန်းစ်စတော့တန်ဘာ့ဂ်က ပြောသွားပါတယ်။
တရုတ်နိုင်ငံဟာ နေတိုးမှ ထုတ်ပြန်တဲ့ အလားတူ ကြေညာချက်တွေကို အန္တရာယ်ရှိတဲ့ ဘက်လိုက်မှုတွေလို့ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ရုရှားနဲ့ အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံကို ဖျန်ဖြေသူအဖြစ် ဆောင်ရွက်စေလိုခြင်း မရှိပေမဲ့ ပေကျင်းဟာ မော်စကို ကို စစ်ပွဲအဆုံးသတ်ဖို့ ဖိအားပိုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဇူလိုင်လမှာ ပြောကြားခဲ့ပါတယ်။
Source-Reuters