‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဟာ သံလွင်မြစ်ပေါ်မှာ ရေကာတာကြီးတွေတည်ဖို့ စီမံကိန်းအကောင်အထည်ဖော်ရေး တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေကို လမ်းခင်းပေးနေတယ်လို့ ရှမ်းပြည်ရင်းနှီးမြှုပ်နှံမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ Shan State Frontline Investment Monitor (SSFIM) ရဲ့ စက်တင်ဘာ ၄ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
‘ဝ’တပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ ၅ လကတည်းက တန့်ယန့်မြို့ မြောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ မန်ပန်ပြည်သူ့စစ်ကို ဖယ်ရှားခဲ့ပြီး အဆိုပါနေရာကို ထိန်းချုပ်ခဲ့တယ်၊ ဒီနှစ် ဇူလိုင် ၁၀ ရက်မှာ သူတို့တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်နဲ့ သံလွင်မြစ်အရှေ့ခြမ်းကနေ တန့်ယန်း-မိုင်းရယ်လမ်းမကြီးတလျှောက်မှာ နေရာယူခဲ့တယ်။
အဲဒီနောက် သံလွင်မြစ်အနောက်ဘက်ကမ်းကိုပါ ထိန်းချုပ်ပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ မန်တုံရေကာတာစီမံကိန်းကို တိတ်တဆိတ်တည်ဆောက်ခွင့်ပြုနေသလို နောင်ဖာရေကာတာစီ မံကိန်းကိုလည်း အရှိန်မြှင့်ဆောင်ရွက်လာနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ဒုတိယပတ်ထဲမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦးဟာ နောင်ဖာ ရေကာတာစီမံကိန်းကို သွားရောက်လည်ပတ်ခဲ့ပြီး သူတို့ကို ‘ဝ’ တပ်ဖွဲ့က SUV ကားတွေနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
သံလွင်မြစ်ပေါ်မှာ တရုတ်အစိုးရပိုင် Hydrochina ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ခရိုနီပိုင် IGE ကုမ္ပဏီတို့က ကွန်လုံရေကာတာ၊ မန်တုံရေကာတာနဲ့ နောင်ဖာရေကာတာ ဆောက်လုပ်ဖို့ စီမံကိန်းတွေရှိပြီး အဲဒီထဲမှာ တန့်ယန်းမြို့နယ်ရှိ နောင်ဖာရေကာတာဟာ အကြီးဆုံးဖြစ်တယ်၊ ရေအားလျှပ်စစ်က ထွက်လာမယ့် စွမ်းအင်ရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအား တရုတ်ပြည်ကို တင်ပို့ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ်ပေါ်မှာ ရေကာတာကြီးတွေတည်ဆောက်လိုက်ရင် မြေငလျင်လှုပ်တာ၊ ရေကြီးရေလျှံတာ စတဲ့ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်လို့ လူမှုအခြေပြု အဖွဲ့အစည်းက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီရေကာတာစီမံကိန်းတွေကို သမ္မတဦးသိန်းစိန်လက်ထက်က တရုတ်နိုင်ငံနဲ့ နားလည်မှု စာချွန်လွှာလက်မှတ်ထိုးခဲ့ပေမဲ့ အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြတာပါ။
နောင်ဖာရေကာတာနဲ့ပတ်သက်ပြီး ဆည်ရေလှောင်ကန်ထဲက ရေအလေးချိန်ကြောင့် မြေငလျင်ဖြစ်ပေါ်နိုင်တယ်၊ ရေကာတာအနီးမှာ ပြတ်ရွေ့ကြောတွေတည်ရှိတယ်၊ ရေကြီးရေ လျှံမှုကြောင့် ဆည်ကရေတွေ ရုတ်တရက်ဖောက်ချဖို့လိုအပ်ပြီး မြစ်အောက်ပိုင်းဒေသတွေမှာ အန္တရာယ်ရှိတဲ့ ရေလွှမ်းမိုးမှုဖြစ်ပေါ်စေတယ်၊ ရှမ်းပြည်မှာ မကြုံစဖူးရေလွှမ်းမိုးမှုတွေ ဖြစ်လာ နိုင်ပါတယ်။
ဒါကြောင့် တရုတ်အနေနဲ့ သံလွင်ရေကာတာစီမံကိန်းတွေအပေါ် ပြည်သူတွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေ ဂရုပြုပြီး မြန်မာပြည်အရှေ့ပိုင်းရဲ့ အဓိကအသက်သွေးကြောပေါ် ဆည် ဆောက်ဖို့ စီစဉ်နေတာကို လျင်မြန်စွာ ပယ်ဖျက်ဖို့နဲ့ စင်ကာပူနိုင်ငံအနေနဲ့လည်း Surbana Jurong’s ကုမ္ပဏီခွဲ SMEC ကို နောင်ဖာနဲ့ မန်တုံရေကာတာစီမံကိန်းနှစ်ခုလုံးမှာ ပါဝင်ခြင်းကို အမြန်ဆုံးရပ်တံ့သင့်တယ်လို့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး UWSA ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
Source: Shan State Frontline Investment Monitor (SSFIM)