စူပါတိုက်ဖွန်းမုန်တိုင်း ယာဂီချဉ်းကပ်လာမှုကြောင့် ဟောင်ကောင်မှာရှိတဲ့ ကျောင်းတွေနဲ့ အလုပ်တွေကို စက်တင်ဘာ ၉ ရက်ကစပြီး ပိတ်ထားပါတယ်။
မုန်တိုင်းချဉ်းကပ်လာမှုကြောင့် အဲဒီဒေသတွေမှာ မိုးရွာသွန်းပြီး လေပြင်းတိုက်မှုတွေ ဖြစ်လာပေမဲ့ လက်ရှိအချိန်အထိတော့ ထိခိုက်ပျက်စီးမှု မရှိသေးပါဘူး။
တိုက်ဖွန်းလာမယ့် လက္ခဏာတွေ ပြနေပြီး ဒီမုန်တိုင်းဟာ တတိယအင်အားအကြီးဆုံး မုန်တိုင်း ဖြစ်လာမယ်လို့ ခန့်မှန်းထားကာ နေ့လယ် ၁၂ နာရီ ၄၀ နောက်ပိုင်းမှာ အင်အားလျော့သွားတယ်လို့ ဟောင်ကောင်လေ့လာသူတွေက ပြောပါတယ်။
မြို့ခံလူထုကတော့ မုန်တိုင်းဟာ တဖြည်းဖြည်း အားပျော့သွားမယ်လို့ မျှော်လင့်ထားကြပါတယ်။
ယာဂီမုန်တိုင်း လာဖို့ရှိတာကြောင့် ကမ်းရိုးတန်းနေရာတွေမှာ မနေဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ယာဂီမုန်တိုင်းဟာ ဒီနှစ်အတွင်း တိုက်ခတ်တဲ့ မုန်တိုင်းတွေအနက် တောင်တရုတ်ပင်လယ်ကို ဦးတည်နေတဲ့ အင်အားအကောင်းဆုံးမုန်တိုင်း ဖြစ်ပါတယ်။
ယာဂီစူပါတိုက်ဖွန်းဟာ ဟာရီကိန်းအမျိုးအစားနံပါတ် ၅ နဲ့ တူညီတဲ့ အားကောင်းတဲ့ မုန်တိုင်းကြီး ဖြစ်ပါတယ်။
ဒီမုန်တိုင်းဟာ နောက်နေ့မှာ တိုးရစ်တွေအလာများတဲ့ ဟိုင်နန်ကျွန်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းသတိပေးချက်တွေကြောင့် ရထား၊ လှေ၊ လေကြောင်း ခရီးစဉ်တွေအားလုံး ဒုတိယနေ့အထိ ရပ်နားထားပါတယ်။
ဒီတပတ်အစောပိုင်းမှာ ဖိလစ်ပိုင်မြောက်ပိုင်းကို ဝင်ရောက်ဖျက်ဆီးအပြီး ယာဂီမုန်တိုင်းဟာ ၂ ဆ အားကောင်းလာပါတယ်။
ယာဂီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
လက်ရှိ လေတိုက်နှုန်းက ၁ နာရီကို ကီလိုမီတာ ၂၄၀ ရှိပြီး ဟိုင်နန်နဲ့ တရုတ်နိုင်ငံရဲ့ လူနေထူထပ်တဲ့ ဂွမ်ဒေါင်းကို ကြီးမားတဲ့အရှိန်နဲ့ ဝင်ရောက်မယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
ယာဂီမုန်တိုင်းဟာ ကြောက်စရာအန္တရာယ်နဲ့ အင်အားကြီးမားတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး မကြာမီ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ အင်ဒိုပစိဖိတ် မုန်တိုင်းသတိပေးစင်တာက ကြာသပတေးနေ့မှာ သတိပေးခဲ့တာပါ။
မုန်တိုင်းသတိပေးချက်ကြောင့် ဟိုင်နန်မှာ ဗုဒ္ဓဟူးနေ့ကတည်းက ခရီးသွားလည်ပတ်နေရာ တွေကို ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကျော်တံတားဖြစ်တဲ့ ဟောင်ကောင်၊ မက္ကာအို၊ ဂန်ဒေါင်းရှိ ဇူဟိုင်းတို့ကို ဆက်သွယ်ထားတဲ့ တံတားကိုလည်း ပိတ်ထားခဲ့ပါတယ်။
ဟိုင်နန်ကို ၁၉၄၉ ကနေ ၂၀၂၃ ခုနှစ်အထိ တိုင်ဖွန်းမုန်တိုင်းပေါင်း ၁၀၆ ခုမှာ ၉ ခုသာ ဝင်ရောက်ခဲ့ဖူးတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒီမုန်တိုင်းဟာ ၁၀ စုနှစ်အတွင်း တောင်ဘက်ကမ်းခြေကို တိုက်ခိုက်တဲ့ မုန်တိုင်းတွေအနက် အားအကောင်းဆုံးဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ယုံကြည်ပါတယ်။
Source-Reuters