မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ပြုံယမ်းမြို့တော်မှာ ရုရှားထိပ်တန်းလုံခြုံရေး အရာရှိ ဆာဂျီရွှိုင်ဂူနဲ့ မဟာဗျူဟာမြောက် ဒိုင်ယာလော့ဂ်ကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ ၁၄ ရက် စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
သူတို့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေအပေါ် အမြင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ခဲ့ကြပြီး အပြန်အလှန် ဘေးကင်းရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် ကိစ္စရပ်တွေအတွက် ကျေနပ်လောက်တဲ့ သဘောတူညီမှုကို ရရှိခဲ့တယ် လို့ KCNA မှ ပြောကြားခဲ့ပါတယ်။
KCNA မှ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ကင်မ်ဟာ ရွှိုင်ဂူ နဲ့ အပြန်အလှန် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စက်တင်ဘာ ၁၃ ရက်မှာ လေဆိပ်ကို လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ မော်စကိုဆီမှ စီးပွားရေးနဲ့ တခြားစစ်ရေးအကူအညီတွေ ပြန်လည် ရရှိစေဖို့ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို ဒုံးကျည်တွေနဲ့ ဒုံးပျံတွေကို ထောက်ပံ့ ပေးခြင်းဖြင့် ကူညီနေတယ်လို့ အမေရိကန်နဲ့ ယူကရိန်းတို့အပြင် အမှီအခိုကင်းတဲ့ ဝေဖန်သုံးသပ်သူတွေကလည်း ပြောပါတယ်။
မော်စကိုနဲ့ ပြုံယမ်းတို့ဟာ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပေမယ့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကတိပြုခဲ့ကြပြီး ဇွန်လတုန်းက ထိပ်သီးဆွေးနွေးပွဲမှာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Source-Reuters