ရုရှားရေတပ်ရဲ့ ပစိဖိတ်ရေတပ်သင်္ဘောစုနဲ့ တရုတ်ရေတပ်တို့ဟာ ပူးတွဲရေတပ်လေ့ကျင့်မှု တစိတ်တပိုင်းအဖြစ် ပစိဖိတ်အနောက်ဘက်က အာ့ဟို့စ်ခ် ပင်လယ်ထဲကို ဝင်လာပြီလို့ ပစိဖိတ်ရေတပ်ရဲ့ ပြန်ကြားရေးဌာနကို ကိုးကားပြီး ရုရှားရဲ့ အင်တာဖက်စ် သတင်းအေဂျင်စီက စက်တင်ဘာ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
“ပင်လယ်လမ်းကြောင်းအတွင်းမှာ တပ်ခွဲဟာ ပူးပေါင်းစစ်ဆင်ရေး၊ ရန်သူအဖြစ် အသွင်ယူထားတဲ့ မောင်းသူမဲ့လှေတွေကို တန်ပြန်ရေး၊ သင်္ဘောကုန်းပတ်ပေါ်က ရဟတ်ယာဉ်တွေနဲ့ မြေပြင်အခြေအနေကို စောင့်ကြည့်စစ်ဆေးရေးတွေကို လုပ်ဆောင်ခဲ့တယ်” လို့ ပြန်ကြားရေးဌာနကို ကိုးကားပြီး အင်တာဖက်စ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘေးဘူ အပြန်အလှန် အကျိုးပြုရေး ၂၀၂၄ လို့ နာမည်ပေးထားတဲ့ ရုရှား-တရုတ် ပူးပေါင်း ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း လေယာဉ်နဲ့ ရေငုပ်သင်္ဘောဖျက် လက်နက်တွေပါမယ့် စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီလို့ ရုရှားက စနေနေ့မှာ ပြောပါတယ်။
ရုရှားရဲ့ ရေငုပ်သင်္ဘောဖျက်နိုင်တဲ့ သင်္ဘောကြီးတွေဖြစ်တဲ့ အက်ဒ်မစ်ရယ် ပန်တီလီယဲ့ဖ်နဲ့ အက်ဒ်မစ်ရယ် ထရီဘုထ်စ်၊ MPK-82 နဲ့ MPK-107 တို့လည်း စစ်ရေးလေ့ကျင့်ရာမှာ ပါဝင်ခဲ့တယ်လို့ အင်တာဖက်စ်က ဖော်ပြခဲ့ပါတယ်။
တရုတ်ဖျက်သင်္ဘော ရှီးနန်းနဲ့ ဝူရှီး၊ ဖရီးဂိတ်သင်္ဘော လင်းယီနဲ့ ပေါင်းစပ်ထောက်ပံ့ရေး သင်္ဘော ထိုက်ဟူတို့လည်း ပါဝင်လေ့ကျင့်တယ်လို့ အေဂျင်စီက ပြောပါတယ်။
သင်္ဘောတွေဟာ အမြောက်တွေနဲ့ ပစ်ခတ်တာအပြင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနဲ့ လေယာဉ်ပစ် လက်နက်စနစ်တွေကိုလည်း တခုတည်းသော အစီအစဉ်အောက်မှာ ဆောင်ရွက်လိမ့်မယ်လို့ အင်တာဖက်စ် သတင်းဌာနက ကြေညာပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်က အာ့ဟို့စ်ခ် ပင်လယ်ဟာ အရှေ့ဘက်မှာ ရုရှားနိုင်ငံ ကမ်ချတ်ကာ ကျွန်းဆွယ်၊ အရှေ့တောင်ဘက်မှာ ဂျပန်နဲ့ ပိုင်နက်အငြင်းပွားနေပြီး ရုရှားက ခူရီးယယ်လို့ခေါ်တဲ့ ကျွန်းတွေ၊ တောင်ဘက်မှာတော့ ဂျပန်နိုင်ငံရဲ့ ဟော့ကိုင်းဒိုးကျွန်းမကြီးတို့ ကြားမှာ တည်ရှိပါတယ်။
Source-Reuters