ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဥဘွန် ရတ်ချာထာနီပြည်နယ်က Hydro-Floating Solar Hybrid ဟာ နေရောင်ခြည်စွမ်းအင်ကရတဲ့ လျှပ်စစ်နဲ့ ရေအားလျှပ်စစ်ကို ပေါင်းစပ်ထားပြီး နည်းပညာနဲ့ သဘာဝတို့ သဟဇာတရှိရှိ ယှဉ်တွဲနေတဲ့ အနာဂတ်ကို ထင်ဟပ်စေပါတယ်။
သဘာဝအလှတရား ပေါများတဲ့ ထိုင်းနိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတဲ့ လေထုညစ်ညမ်းမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရလို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရင်း ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို သုံးဖို့ ကြိုးစားနေတာပါ။
လျှပ်စစ်ဓာတ်အား ၈၁ မဂ္ဂါဝပ်ရဖို့ ဘောလုံးကွင်း ၇၀ နဲ့ညီမျှတဲ့ ဧရိယာကို လွှမ်းခြုံထားတဲ့ ရေပေါ်ဆိုလာပြား ၁၄၄,၀၀၀ ကျော်ကို ရေအားလျှပ်စစ်နဲ့ ပေါင်းစပ်ထားပြီး နေ့ဘက်မှာ နေစွမ်းအင်နဲ့ ညအချိန်မှာ ရေအားလျှပ်စစ်တို့ကို သုံးပြီး ထုတ်လုပ်နေပါတယ်။
“ဒါကို Hydro-Floating Solar Hybrid လို့ ခေါ်ပါတယ်။ အခု ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ ယူဆပါတယ်” လို့ သီရိဒုံ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဌာန အကြီးအကဲ အာထစ် ဖွန်ခူနာက ပြောပါတယ်။
ဒါဟာ တရုတ်စွမ်းအင် အင်ဂျင်နီးယားရင်း ဂရုနဲ့ ပူးပေါင်းဖန်တီးထားတဲ့ စီမံကိန်းတရပ်ပါ။
“ထုတ်ကုန်နဲ့ စက်ပစ္စည်း အများစုဟာ တရုတ်နိုင်ငံကဖြစ်ပြီး ချိတ်ဆက်မှုစနစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း ယူဆောင်လာခဲ့ပါတယ်” လို့ ဖွန်ခူနာက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်သုံး မဟာဗျူဟာက ရေပေါ် ဆိုလာခြံတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ကျေးလက်နေအိမ်တွေမှာ တပ်ဆင်ထားတဲ့ အကြီးစားစီမံကိန်းတွေနဲ့ ပေါင်းစပ်ထားပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ ဓာတ်အား ၇၀ ရာခိုင်နှုန်းလောက်အတွက် လျှပ်စစ်ဓာတ်အားလိုင်း တွေဟာ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားနေရဆဲဖြစ်ပြီး ၂၉ ရာခိုင်နှုန်းလောက်ကသာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တွေကို မှီခိုနေရတာပါ။
ရာသီဥတုပြောင်းလဲမှု၊ လေထုညစ်ညမ်းမှုနဲ့ ကမ္ဘာ့စွမ်းအင် အကျပ်အတည်းတွေကြားမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းက အရေးပေါ် အရှိတရား ဖြစ်နေတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။
Source-Reuters