ရုရှားကျူးကျော်မှုကို တွန်းလှန်ချေမှုန်းရာမှာ အကူအညီဖြစ်စေဖို့ ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၈ ဘီလီယံကျော် အကူအညီပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၂၆ ရက်က ကြေညာခဲ့ပြီး ဘဲဥပုံရုံးခန်းမှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
“အခုလက်ရှိနဲ့ အနာဂတ်မှာ ယူကရိန်းနဲ့အတူ ရပ်တည်နေကြောင်းကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်နေပါတယ်”လို့ ဘိုင်ဒန်က သတင်းထောက်တွေ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို စစ်မြေပြင်မှာ သူ့ရဲ့ရပ်တည်ချက်ကို အားကောင်းအောင် ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ လုံခြုံရေးရန်ပုံငွေအားလုံးကို ဇန်နဝါရီလမှာ ခွဲဝေချထားပေးဖို့ ပင်တဂွန်ကို ညွှန်ကြားထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အနာဂတ်မှာ ရုရှားရဲ့ ရန်စမှုတွေကို ခုခံကာကွယ်ဖို့ ယူကရိန်းမှာ လုံလောက်တဲ့ စွမ်းဆောင်နိုင်ရည် ရှိဖို့ လိုအပ်ကြောင်းနဲ့ ယူကရိန်းကို ရေရှည်အောင်မြင်အောင် ကူညီပေးဖို့လည်း မျှော်မှန်းထားကြောင်း ဘိုင်ဒန်က ပြောပါတယ်။
ဇလန်စကီးကလည်း ဘိုင်ဒန်ကို သူ့ရဲ့ပံ့ပိုးကူညီမှုနဲ့ ယူကရိန်းကို ဥရောပသမဂ္ဂ အီးယူနဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ နေတိုးရဲ့ အဖွဲ့ဝင်အဖြစ် လမ်းကြောင်းပေါ်ကနေ ထောက်ခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
အထောက်အပံ့အသစ် ပမာဏ ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကို ရန်ပုံငွေစီမံပိုင်ခွင့် သက်တမ်း ကုန်ဆုံးဖို့ သတ်မှတ်ထားတဲ့ အမေရိကန်ဘဏ္ဍာရေးနှစ် မကုန်ခင် တနင်္လာနေ့မှာ ခွဲဝေပေးမှာ ဖြစ်ပါတယ်။
နောက်ထပ် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံဟာ ယူကရိန်းလုံခြုံရေး အထောက်အကူပြု အစီအစဉ်အောက်မှာ ရှိနေပြီး ဒါဟာ အမေရိကန် သိုလှောင်ထားတဲ့အထဲကနေ ဆွဲထုတ် ပေးမယ့်အစား ယူကရိန်းနိုင်ငံအတွက် လက်နက်တွေကို ကုမ္ပဏီတွေဆီကနေ ဝယ်ယူခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။
အကူအညီထဲမှာ Joint Standoff Weapon လို့ ခေါ်တဲ့ လမ်းညွှန်ချက် အတိအကျနဲ့ အကွာအဝေး ၈၁ မိုင် (130 ကီလိုမီတာ) အထိ နိမ့်မြင့်ဝဲပျံနိုင်တဲ့ ဗုံးကိုလည်း ပထမဆုံး ထည့်သွင်းပို့ဆောင်ထားပါတယ်။
တာလတ်ပစ် ဒုံးကျည်ဟာ ယူကရိန်းကို ရုရှားတပ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လက်နက်တွေကို အကြီးစား အဆင့်မြှင့်တင်ပေးပြီး ယူကရိန်းတွေကို ပိုပြီးလုံခြုံတဲ့ အကွာအဝေးကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ပစ်မှတ်တွေကို တိကျမှန်ကန်စွာ ပစ်ခတ်နိုင်တဲ့ ဗုံးကို တိုက်လေယာဉ်တွေပေါ်မှ ကြဲချမှာ ဖြစ်ပါတယ်။
၀ါရှင်တန်က ယူကရိန်းကို အမေရိကန်ရဲ့ ဒုံးကျည်တွေ အသုံးပြုပြီး ရုရှားက ပစ်မှတ်တွေကို ထိတွေ့တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်တယ်လို့တော့ ဘိုင်ဒန်က ကြေညာမှာ မဟုတ်ကြောင်း အမေရိကန် အရာရှိတယောက်က ပြောပါတယ်။
Source-Reuters