မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ဟာ ဒီသီတင်းပတ်ထဲမှာ ဒရုန်းတိုက်ဖျက်ရေး အကြီးစား စစ်ရေးလေ့ကျင့်နေပြီး ယူကရိန်းက ပထမဆုံးအကြိမ် ပါဝင် ဆင်နွှဲနေပါတယ်။
ဒရုန်းတွေဟာ ယူကရိန်းစစ်ပွဲမှာ မရှိမဖြစ် အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ စစ်ပွဲအတွင်း မောင်းသူမဲ့စနစ်တွေကို သုံးတာ ကျယ်ပြန့်လာနေပြီး အမြန်ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်မှာ အနောက်မဟာမိတ်နိုင်ငံတွေက ဒီအခြေအနေကနေ အမြန်သင်ယူနိုင်ဖို့ ကြိုးစားနေကြတာပါ။
၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုဟာ သီတင်းပတ် တပတ်ကြာ ဒရုန်းတွေကို ဆိုင်ဘာ ဖောက်ထွင်းတာနဲ့ အလုပ်မလုပ်နိုင်အောင် ကြားဖြတ် ဟန့်တားတာတွေကို သရုပ်ပြရင်း အဆုံးသတ်ခဲ့ပါတယ်။
ဒတ်ချ် စစ်တပ် အခြေစိုက်စခန်းမှာ ဆင်နွှဲတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း နိုင်ငံ ၂၀ ကျော်နဲ့ ကုမ္ပဏီ ၅၀ ကျော် ပါဝင်ခဲ့ပြီး ဒရုန်းတွေကို ထောက်လှမ်း တိုက်ဖျက်ဖို့ စနစ်တွေကို စမ်းသပ်ရင်း ဘယ်လို အလုပ်လုပ်နိုင်မလဲဆိုတာ အကဲဖြတ် သုံးသပ်ခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့က ရုရှားရဲ့ အကြီးစား လက်နက်တိုက်တခုကို ယူကရိန်းရဲ့ အကြီးစား ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ငလျင်အဆင့် ပေါက်ကွဲခဲ့ပါတယ်။ နောက်နေ့မှာပဲ ရုရှားဟာ ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းနီးပါးဖိုးအထိ ဒရုန်းယာဉ် ထုတ်လုပ်မှုကို ၁၀ ဆတိုးပြီး ထုတ်လုပ်ခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။
စစ်မြေပြင်မှာ ကင်းထောက်ဖို့နဲ့ ပစ်မှတ်တွေကို ဖျက်ဆီးဖို့ ဒရုန်းယာဉ်တွေကို ဖောချင်းသောချင်း သုံးတာကြောင့် ခြိမ်းခြောက်မှုအပေါ် အာရုံစိုက်ဖို့ နေတိုးကို လှုံ့ဆော်ခဲ့ပါတယ်။
Source-Reuters