အခုဆောင်းရာသီအတွက် ယူကရိန်းရဲ့ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အီးယူက သိမ်းဆည်းထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲကနေ ရရှိတဲ့ ယူရိုသန်း ၁၆၀ ကို ခွဲဝေပေးမှာဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
အမိုးအကာနဲ့ အပူပေးစက်တွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို သန်း ၆၀ လည်း ပါဝင်ပြီးတော့ ပြုပြင်ရေးလုပ်ငန်းတွေအတွက် ယူရို သန်း ၁၀၀ ပါဝင်ပါတယ်။
အဲဒီ ယူရို သန်း ၁၀၀ ဟာ ဥရောပသမဂ္ဂမှာ သိမ်းဆည်းထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေရဲ့ ဝင်ငွေကနေ လာတာလို့ ဗွန်ဒါလေယန်က ရှင်းလင်းပါတယ်။
ပျက်စီးဆုံးရှုံးမှုအတွက်ကို ဖျက်ဆီးခဲ့တဲ့ ရုရှားက ပေးဆောင်တာဟာ မှန်ကန်တာဖြစ်ပြီး ဒီထက်ပိုပြီး လိုအပ်နေသေးတာကြောင့် သိမ်းဆည်းခံထားရတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ ရရှိတဲ့ အစိတ်အပိုင်းတွေကို ယူကရိန်းရဲ့ စွမ်းအင်ရရှိရေးဆီ ဆက်ပြီးလွှဲပြောင်းပေးရမယ်လို့လည်း ဆိုပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ ၉ ဂဂ္ဂါဝပ်ရှိ စွမ်းအင်အခြေခံအဆောက်အအုံကို ဖြိုဖျက်ခဲ့တာဖြစ်ပြီး ဒါဟာ “ဘောလ်တစ်ပြည်နယ် ၃ ခုနဲ့ ညီမျှတဲ့ ဓာတ်အားပမာဏ” လို့ ဗွန်ဒါလေယန်က ပြောပါတယ်။
ဒါကို ငွေသားပုံစံနဲ့ ထိန်းချုပ်စီမံရာမှာ အီးယူဟာ ပြုပြင်မှုတွေနဲ့ ထပ်တိုးပို့ကုန်တွေကို ကူညီပေးမှာ ဖြစ်ပါတယ်။
လစ်သူယေးနီးယားမှာ လောင်စာသုံး ဓာတ်အားပေးစက်ရုံတရုံကို ဖျက်သိမ်းနေပြီး အပူပေးစက်ရုံတွေရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ရေအားလျှပ်စစ်ရဲ့ ၃ ပုံ ၁ ပုံလည်း ပျက်စီးသွားတဲ့အတွက် ယူကရိန်းနိုင်ငံမှာ ပြန်လည်တည်ဆောက်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဆောင်းရာသီမှာ ၂ ဒသမ ၅ ဂဂ္ဂါဝပ် ပမာဏကို ပြန်လည်ရရှိဖို့အတွက် ရည်ရွယ်ပြီး ပြုပြင်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ အဲဒါဟာ ယူကရိန်း လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်းလောက်သာ ရှိသေးတယ်လို့လည်း ဗွန်ဒါလေယန်က ဆိုပါတယ်။
ယူကရိန်းဟာ အမြင့်ဆုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားလာတာကြောင့် အခုဆောင်းရာသီမှာ ၆ ဂဂ္ဂါဝပ် ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ပြောပါတယ်။
Source-Reuters