အာတိတ်စက်ဝိုင်းအတွင်း ရုရှားနဲ့ နော်ဝေနယ်စပ်မှာ ရေဒီယိုသတ္တိကြွမှုပမာဏ အဆင့်တခု ရှိနေတာကို နော်ဝေနိုင်ငံက တွေ့ရှိပြီးတဲ့နောက် လေထုအတွင်း ဓာတ်ရောင်ခြည်မြင့်မားမှု ဆိုင်ရာ သတိပေးချက် တစုံတရာ ထုတ်ပြန်ခဲ့ခြင်း မရှိဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
ရုရှားနိုင်ငံနဲ့ အာတိတ်နယ်စပ်နားက စဗန်ဟုမ်းနဲ့ ဗစ်ရှူဖယ်တို့မှာ ရေဒီယိုသတ္တိကြွ စီဇီယမ်ပမာဏ အနည်းငယ်ကို တိုင်းတာတွေ့ရှိထားတယ်လို့ နော်ဝေ ဓာတ်ရောင်ခြည်နဲ့ နျူးကလီးယား ဘေးကင်းရေး အာဏာပိုင်အဖွဲ့ (DSA) က အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဏာပိုင်တွေက စက်တင်ဘာ ၉ ရက်ကနေ ၁၆ ရက်အထိ စဗန်ဟုမ်းမှာ ရေဒီယိုသတ္တိကြွ စီဇီယမ် (Cs-137) ပမာဏ မြင့်မြင့်မားမား တွေ့ခဲ့တယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၅ ရက်ကနေ ၁၂ ရက်ကြားက ဗစ်ရှူဖယ်ဒေသမှာ စီဇီယမ်တွေ တွေ့ခဲ့ပေမဲ့ ပါဝင်မှုအဆင့်ကတော့ လူနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်လောက်ဘူးလို့ ထပ်ပြောခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က “လေထုအတွင်း တချို့ အိုင်ဆိုတုပ်အဆင့်တွေ တိုးလာတာနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ သက်ဆိုင်ရာဌာနတွေဆီက သတိပေးချက် တစုံတရာ မရှိခဲ့ဘူး၊ လူသားတွေရဲ့ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးချက်တွေလည်း မရှိလို့ ပြောစရာစကား မရှိဘူး” လို့ ပြောခဲ့ပါတယ်။
Source-Reuters