ရုရှားနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ ပြင်သစ်သုတေသီ လောရန့် ဗစ်နယ်တီယာဟာ ရုရှားရဲ့ နိုင်ငံခြားသူလျှိုဆိုင်ရာ ဥပဒေတွေကို မလိုက်နာမှုနဲ့ အပြစ်ရှိကြောင်း စက်တင်ဘာ ၁၆ ရက်က ဝန်ခံခဲ့တယ်လို့ ရုရှားသတင်းအေဂျင်စီတွေက ပြောပါတယ်။
ဗစ်နယ်တီယာကို စုံစမ်းစစ်ဆေးနေတဲ့ မော်စကိုခရိုင် တရားရုံးက ဒီအမှုကို သက်သက်ညှာညှာ စီရင်ချက်ချဖို့ သဘောတူတဲ့ အထူးလုပ်ထုံးလုပ်နည်းအောက်မှာ ထည့်သွင်းစဉ်းစားဖို့ သဘောတူခဲ့တယ်လို့လည်း ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ RIA က ပြောခဲ့ပါတယ်။
အထူးလုပ်ထုံးလုပ်နည်းအရ ပြစ်ဒဏ်ဟာ ပြစ်မှုအတွက် အများဆုံး ၅ နှစ်သက်တမ်းရဲ့ သုံးပုံနှစ်ပုံထက် မကျော်ပါဘူး။
ဒါကြောင့် ဗစ်နယ်တီယာဟာ အများဆုံး ၃ နှစ်ကျော်သာ ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။
ဗစ်နယ်တီယာကို ရုရှားရဲ့ FSB လုံခြုံရေးဌာနက ဇွန်လမှာ ဖမ်းဆီးခဲ့ပြီး ရုရှားမှာ နိုင်ငံခြားထောက်လှမ်းရေးအဖြစ် မှတ်ပုံတင်ဖို့ ပျက်ကွက်မှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။
နိုင်ငံခြားထောက်လှမ်းရေးအတွက် တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၄၈ နှစ်အရွယ် ဗစ်နယ်တီယာဟာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။
ရုရှားနိုင်ငံဖွား နည်းပညာလုပ်ငန်းရှင်နဲ့ တယ်လီဂရမ် အပလီကေးရှင်းကို တည်ထောင်သူ ပါဗယ် ဒူရဗ်ကို ပြင်သစ်မှာ အရင်လက ဖမ်းဆီးခဲ့လို့ ရုရှားနဲ့ ပြင်သစ် ၂ နိုင်ငံ အစိုးရတွေကြား ဆက်ဆံရေး အောက်ဆုံးရောက်နေချိန်မှာ ဗစ်နယ်တီယာရဲ့ တရားခွင် ပေါ်ပေါက်လာတာပါ။
၂၀၂၄ အိုလံပစ်အားကစားပြိုင်ပွဲကို နွေရာသီမှာ ကျင်းပဖို့ စီစဉ်ထားချိန်မှာ ပွဲကို မတည်မငြိမ်ဖြစ်အောင် ရုရှားက ကြိုးပမ်းနေတယ်လို့ ပြင်သစ်က စွပ်စွဲထားပြီး ရုရှားနိုင်ငံသား အတော်များများကို ပြင်သစ်က အရင်က ဖမ်းခဲ့ဖူးပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလကနေ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ရုရှားနိုင်ငံသား ၃ ယောက်နဲ့ တွေ့ဆုံမှုကနေ ဗစ်နယ်တီယာကို အရေးယူဖို့ အမှုတည်ဆောက်ခဲ့တာလို့ အမှီအခိုကင်းတဲ့ သတင်းဆိုက် မီဒီယာဇိုနာက ဖော်ပြထားပါတယ်။
Source-Reuters