စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းကို အောက်တိုဘာ ၂ ရက် နေ့လယ် ၂ နာရီခွဲ၀န်းကျင်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦး PDF)ဆီက သိရပါတယ်။
ရေဦး PDF ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “ရေဦးမြို့မရဲစခန်းထဲကို Fixed Wing Drone တွေနဲ့ ဗုံးသီး ၆ လုံးကြဲချ တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်း၀င်းအတွင်းက ဝန်ထမ်းလိုင်းခန်းပေါ်ကိုကျပြီး လိုင်းခန်းတွေမီးလောင်သွားခဲ့ပါတယ်” လို့ ပြောပါတယ်။
ရဲလိုင်းခန်းတွေမီးလောင်မှုအတွင်း ရဲ၀န်ထမ်း ၄ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာ ရရှိသွားတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။
ရေဦးမြို့ခံ တဦးက“ရဲစခန်းထဲက ဗုံးကွဲသံ ၄၊ ၅ ချက်ကြားလိုက်တယ်၊ သိပ်မကြာဘူး ပစ်သံခတ်သံတွေလည်း ကြားတယ်။ Ambulance တွေ ၀င်သွားတာလည်း မြင်လိုက်တယ်။ ရဲသတင်းပေး သန်းနိုင် အပါအ၀င် ၄ ယောက်သေပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ ဆေးရုံဘက်က သိရတယ်။ ညနေပိုင်း မြို့ပေါ်မှာတော့ အစစ်အဆေးအနည်းငယ်ရှိတယ်။ ဖမ်းဆီးခံရတဲ့ အသံတော့ မကြားမိဘူး” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ DVB က ရေဦးမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။
ရေဦး PDF ရဲ့ တာ၀န်ခံက “သူတို့ဘက်က ပြန်ပစ်တာတွေတော့ ရှိတယ်။ ဒါပေမဲ့ တိုက်၀င်ပွဲ ဒရုန်းတွေရော၊ ရဲဘော်တွေရော ထိခိုက်မှု မရှိဘဲ စခန်းကို အေးအေးဆေးဆေး ပြန်ရောက်ကြပါပြီ”လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။