Home
မြန်မာသတင်း
လားရှိုးကို စစ်တပ်က ထပ်မံဗုံးကြဲ၊ ပြည်သူ ၉ ဦးဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး
DVB
·
October 1, 2024
photo Crd-Lashio Reconstructio & ဒေသခံများ
photo Crd-Lashio Reconstructio & ဒေသခံများ
photo Crd-Lashio Reconstructio & ဒေသခံများ
photo Crd-Lashio Reconstructio & ဒေသခံများ
photo Crd-Lashio Reconstructio & ဒေသခံများ

စစ်ကောင်စီဆုံးရှုံးခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို စက်တင်ဘာ ၃၀ ရက်ညမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်တာကြောင့် ပြည်သူ ၉ ယောက် ဒဏ်ရာရပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွက ပြောပါတယ်။

"မနေ့ညက လားရှိုးမှာ ဗုံးလာကြဲတာ ဟူးမွန် အနီးဘက်။ ရပ်ကွက် ၁၂၊ မန်နား နဲ့ ကောင်းဆာဘက် ကျတယ်ပြောတယ်။ မန်နား နဲ့ ကောင်းဆာက ဟူးမွန်ရွာ နဲ့ ရပ်ကွက် မတူပေမဲ့ နီးတယ်၊ ရပ်ကွက် ၁၂ အစပ်ပေါ့” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။ 

စက်တင်ဘာ ၃၀ ရက်နေ့ည ၉ နာရီ ၅၅ မိနစ် နဲ့ ၁၀ နာရီ ၁၀ မိနစ်ကြား စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးလာကြဲတာလို့ ဆိုပါတယ်။ 

ဒေသခံအမျိုးသားတယောက်က “စက်တင်ဘာ ၃၀ ရက်နေ့ ကြဲချခဲ့တဲ့ လေယာဉ်ဗုံးက ရပ်ကွက် ၁၂ မန်နားရွာနဲ့ ကောင်းဆာရွာဘက် ကျတာ။ အိမ်တွေ အများကြီး ပျက်စီးသွားတယ်” လို့ ပြောပါတယ်။ 

ဗုံးကျရောက်ခဲ့တဲ့ ပတ်ဝန်းကျင်က နေအိမ်အများအပြားပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၃ ဦးက ဒဏ်ရာပြင်းထန်နေလို့ ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရကြောင်း Lashio Reconstruction က သတင်းထုတ်ထားပါတယ်။

စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်း ၁ နာရီလောက်ကလည်း စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့  ပြည်သူတချို့နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွက ပြောပါတယ်။

စစ်ကောင်စီလေတပ်က မနက်အစောပိုင်း ၁၂ နာရီ ၃၆ မိနစ်မှာ ဗုံးတလုံး၊ ၁၂ နာရီ ၄၁ မိနစ်မှာ တလုံး နဲ့ ၁၂ နာရီ ၄၃ မိနစ်မှာ ဗုံးတလုံး စုစုပေါင်း ဗုံး ၃ လုံးကြဲချခဲ့တာမှာ  နောက်ဆုံးတလုံးကတော့ မပေါက်ကွဲခဲ့ဘဲ ဗုံး ၂ လုံးက ရပ်ကွက် ၁၁ အောင်စေတနာလမ်းသွယ် ၂ လမ်းထိပ်က အိမ် ၂ အိမ်ပေါ်ကို ကျရောက်ထိမှန်ပြီး နေအိမ်ပျက်စီးသွားကာ လူတယောက်လည်း ထိခိုက် ဒဏ်ရာရသွားပါတယ်။ 

ဒါ့အပြင် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ဟိုယရွာ အနီးက ကောင်းမောင်ရွာဘက်မှာလည်း စက်တင်ဘာ ၂၉ ရက် ည ၈ နာရီ ခွဲလောက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက နေ့တိုင်း လေယာဉ်ဗုံးကြဲ တိုက်ခိုက်‌နေတာကြောင့် တရက်ထက် တရက် ပြည်သူတွေ ထိခိုက်မှုများလာပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို စိုးရိမ်ပူပန် နေကြရတယ်လို့ ဒေသခံတွက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီဟာ တလတိတိ လားရှိုးမြို့ကို လေကြောင်းနဲ့ ၁၀ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013