အစ္စရေးဟာ စက်တင်ဘာ ၂၉ ရက်က ယီမင်နိုင်ငံက ဟူသီတပ်ဖွဲ့တွေရှိရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်ဘနွန်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။
နောက်ဆုံးရသတင်းတွေအရ ပါလက်စတိုင်းဟားမတ်စ်အဖွဲ့ရဲ့ လက်ဘနွန်အဖွဲ့ခွဲခေါင်းဆောင် ဖာတာရှာရိဖ် အဘူအယ်လ်-အမင်န်လည်း လက်ဘနွန်တောင်ပိုင်းမှာ သူ့မိသားစုဝင်တချို့နဲ့အတူရှိနေစဉ် ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးသွားပြီလို့ သိရပါတယ်။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဆာယက်ဒ် ဟာဆန် နာဆာရဲလားကို သတ်ဖြတ်ခဲ့ပြီးပေမဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟူသီတွေက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ယီမင်က ဟိုဒေဒါဆိပ်ကမ်းကို ဗုံးကြဲခဲ့တာဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။
အခုလို စစ်ခွင်ကျယ်လာတာကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ဟူသီနဲ့ ဟစ်ဇ်ဘိုလာတွေရဲ့ မဟာမိတ် အီရန်၊ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်တို့ပါ စစ်ပွဲထဲပါလာမှာကို စိုးရိမ်နေကြပါတယ်။
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး ၂၉ ယောက် ဒဏ်ရာရတယ်လို့ ဟူသီတွေရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်အတွင်း လက်ဘနွန်မှာလည်း အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟစ်ဇ်ဘိုလာ ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် လူရာချီသေဆုံးခဲ့ရပြီး ဖြစ်သလို လူသိန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တရက်တည်းမှာတင် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးကတော့ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ဟစ်ဇ်ဘိုလာတွေကို ပြင်းပြင်းထန်ထန် အထိနာအောင် ဆက်လုပ်သွားမယ်လို့ စစ်ဦးစီးချုပ် ဟာဇီဟယ်လဗီက ပြောပါတယ်။
တနင်္ဂနွေနေ့က အစ္စရေးဒရုန်းတွေဟာ လက်ဘနွန်မြို့တော် ဘေရွတ်ကောင်းကင်ယံမှာလည်း တချိန်လုံး ပျံဝဲနေပြီး မြို့တော် နေရာအနှံ့မှာ ဗုံးကွဲသံတွေ ဆူညံနေပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ကို ၃၂ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်ကြီး နာဆာရဲလား သေဆုံးသွားမှုဟာ အဖွဲ့အတွက် ကြီးကြီးမားမား ဆုံးရှုံးမှုဖြစ်ပြီး အီရန်ကလည်း အဲဒီအတွက် လက်တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။
ဒီဖြစ်စဉ်ကြောင့် အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီကိုပါ လုံခြုံရာ နေရာကို ရွှေ့ပြောင်းထားရပြီး လုံခြုံရေးတိုးမြှင့်ထားရတယ်လို့ ဆိုပါတယ်။
Source-Reuters