အစ္စရေး တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးသွားပြီးနောက် အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီကိုလည်း နိုင်ငံတွင်းက ဘေးကင်းတဲ့ နေရာတနေရာဆီ ရွှေ့ပြောင်း လုံခြုံရေးတိုးမြှင့်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။
အီရန်က ပံ့ပိုးထားတဲ့ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင် နာဆာရဲလားကို ဘေရွတ်မြို့မှာ လေကြောင်းတိုက်ခိုက်ပြီး အစ္စရေးက လုပ်ကြံခဲ့တာဖြစ်ပါတယ်။
လက်ဘနွန်ပြည်သူတွေနဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဘက်က ရပ်တည်တဲ့အနေနဲ့ အစ္စရေးအစိုးရကို ရနိုင်သမျှနည်းနဲ့ ဆန့်ကျင်ကြဖို့ မွတ်စလင်တွေကို တောင်းဆိုကြောင်း ခါမေနီက ကြေညာချက် ထုတ်ထားပါတယ်။
ဒါပေမဲ့ အင်မတန်ကို လုံခြုံရေးသတိကြီးတဲ့ နာဆာရဲလားတောင် လုပ်ကြံခံခဲ့ရအပြီးမှာတော့ အီရန်ရဲ့ ဩဇာအရှိဆုံးခေါင်းဆောင် လုံခြုံရေးကိုပါ စိုးရိမ်တဲ့အတွက် အရေးပေါ် နေရာရွှေ့ပေးခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဟာ အီရန်နိုင်ငံထဲမှာရှိနေတဲ့ ဟားမတ်စ်ခေါင်းဆောင်ကိုတောင် လုပ်ကြံနိုင်ခဲ့သလို အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ တပ်မှူးတွေကိုလည်း လုပ်ကြံခဲ့ဖူးပါတယ်။
ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေသုံးတဲ့ စာနဲ့အသံကို လက်ခံနိုင်တဲ့ ကြိုးမဲ့ပစ္စည်း ပေဂျာတွေနဲ့ ဝေါ်ကီတော်ကီတွေ ပေါက်ကွဲခဲ့အပြီးမှာ အခုဆိုရင် အီရန်ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ကို ဘယ်ဆက်သွယ်ရေးပစ္စည်းမှ မသုံးဖို့တောင် ညွှန်ကြားထားပါတယ်။
Source-Reuters