ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ အိုးအိမ်မဲ့မိသားစုတွေ ခိုလှုံနေတဲ့ အယ်လ်-ဖာလိုဂျာ စာသင်ကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၆ ရက်မှာ လူ ၁၄ ယောက်ထက်မနည်း သေဆုံးသွားကြောင်း ပါလက်စတိုင်း ဆေးပညာရှင်တွေက ပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်ကတော့ ကျောင်းဝင်းကို အသုံးချနေတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဂျာဘာလီယာစခန်းရှိ အယ်လ်-ဖာလိုဂျာ စာသင်ကျောင်းကို အစ္စရေးဒုံးကျည် ထိမှန်ပြီးနောက် လူအများအပြား ဒဏ်ရာရရှိပြီး တခြားပျောက်ဆုံးနေသူတွေလည်း ရှိနေသေးကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနနဲ့ အရပ်ဘက် အရေးပေါ်ဌာနက ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ကွပ်ကဲရေးဗဟိုစင်တာကို ရည်ရွယ်ထားကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးက ဟားမတ်စ်တွေကို စစ်ရေးရည်ရွယ်ချက်အတွက် အရပ်ဘက်အဆောက်အဦ တွေကို အသုံးပြုနေတယ်လို့ ပုံမှန်စွပ်စွဲလေ့ရှိပြီး ဟားမတ်စ်တွေကလည်း ငြင်းဆိုနေကျ ဖြစ်ပါတယ်။
လက်ဘနွန်မြောက်ပိုင်းရှိ တခြား စစ်မျက်နှာတခုမှာလည်း အစ္စရေးရဲ့ ဟစ်ဇ်ဘိုလာနဲ့ တိုက်ပွဲတွေ အရှိန်မြင့်လာနေပေမဲ့ ဂါဇာမှာ စစ်ပွဲတွေ မရပ်တန့်သေးပါဘူး။
ဂါဇာကမ်းမြောင်ဒေသမှာ ကြာသပတေးနေ့က အစ္စရေးစစ်တပ်ရဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၁ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
Source-Reuters