ကချင်ပြည်နယ် ဖားကန့်စစ်ကောင်စီဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက် မနေ့ညက လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်ခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်းတောင်ရွာတိုက်ပွဲ ရက် ၂၀ကျော်ကြာမြင့်လာပြီဖြစ်ပြီး ဆိုင်းတောင် ယူမာဘက်ခြမ်းမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီတပ်တွေက ယူမာဘက်ခြမ်းက နေအိမ်တွေကို မီးရှို့ နေတယ်လို့ ဖားကန့် ဒေသခံက ပြောပါတယ်။
“၂၅ ရက်နေ့က တညနေလုံး တိုက်ပွဲပြင်းထန်တယ်။ KIA၊ KPDF ပူးပေါင်းတပ်ကလည်း ဆိုင်းတောင် Lucky Men ဟိုတယ်နဲ့ ဟိုတယ်ဘေးက KTV မှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကို လက်နက်ကြီးနဲ့ ဝင်ရောက် တိုက်ခိုက်ပစ်ခတ်တာတွေရှိတယ်။ ဖားကန့်တပ်မကုန်းကနေလည်း ဆိုင်းဆောင်ဘက်ခြမ်း ယူမာဘက်ခြမ်းကို လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူနေတယ်။ မနေ့ညကလည်း ယူမာဘက်ခြမ်းမှာ နေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက မီးသွားရှို့တာတွေ ရှိတယ်။ မနေ့ညနေပိုင်းကလည်း ဖားကန့်တပ်မကုန်းကို KIA KPDF အဖွဲ့တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တာတွေရှိတယ်။ ဖားကန့်တပ်မကုန်းကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေရှိတယ်။”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်သားတွေကို ဖားကန့် ဗျူဟာကုန်းဘက်ကနေ စစ်ကူနဲ့ လာရောက်ကယ်ထုတ်တဲ့အဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ယူမာကျောက်မျက်ရုံးရှိတဲ့ နောက်ဖက်ခြမ်းတကြောမှာ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွား နေပါတယ်။
စက်တင်ဘာ ၁၉ ရက်ကစပြီး KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ဖားကန့်မြို့ပတ်လည်မှာ လုံခြုံရေးယူထားပြီး ဖားကန့်မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် မြို့ပေါ်ရပ်ကွက် တွေဖြစ်တဲ့ မြို့မ၊ ငှက်ပျော်တော၊ မရှီကထောင်၊ မှော်ဝမ်း၊ အေးမြသာသာ စတဲ့ရပ်ကွက်တွေအပြင် ဖားကန့်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ မော်မောင်းလျန်၊ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး၊ အင်မားယန်၊ မော်မှော်ကုန်း၊ ဗလခ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စက်တင်ဘာ ၁၉ ရက်ကစပြီး တိမ်းရှောင်နေကြရတာပါ။
ဖားကန့်ဒေသထဲက ပြည်သူတွေ ထွက်ခွာနေကြတာဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်တာတွေ၊ တိုက်ပွဲကြောင့် နှစ်ဖက်ပစ်ခတ်တဲ့ လက်နက်ကြီးတွေက လူနေအိမ်တွေမှာ ကျမှန်ပေါက်ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ပြီး ထွက်ခွာနေကြတာပါ။
ဖားကန့်မြို့ပေါ်က စစ်ရှောင်ပြည်သူတွေနဲ့ ဆိုင်းတောင်ရွာတိုက်ပွဲအတွင်း စစ်ရှောင်တွေ စုစုပေါင်း ၁၀၀၀၀ ကျော်ရှိနေပြီး တချို့က နီးစပ်ရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်တွေနဲ့ တောတောင်တွေထဲ စစ်ရှောင်နေကြရတာကြောင့် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင် တယောက်က ပြောပါတယ်။
“ဆိုင်းတောင်ဘက်ခြမ်းက ပြည်သူတွေက နီးစပ်ရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ် တွေမှာ စစ်ရှောင်နေရတော့ ရက် ၂၀ လောက်ရှိလာပြီဆိုတော့ စားသောက်ဖို့ နေဖို့နေရာ ဆေးဝါးနဲ့ သောက်ရေတွေ လိုအပ်နေတယ်။ အခုက ဆိုင်းတောင်သာမက ဖားကန့်ဘက်က ပြည်သူတွေပါ စစ်ရှောင်နေရတော့ စစ်ရှောင်လူဦးရေက သောင်းဂဏာန်းရှိသွားပြီ။ အကူအညီတွေ အများကြီး လိုတယ်။”
တိုက်ပွဲဖြစ်ပွားတဲ့ ၂ ပတ်ကျော်အတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးသူ ၅၀ ထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ဖားကန့်မြို့ဗျူဟာကုန်းက လက်နက်ကြီးတွေ ပစ်ကူနေတာ၊ လေကြောင်းကနေ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူနေအိမ် ၄၀၀ ထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၂ ရက်က ဆိုင်းတောင်ရဲစခန်း လက်လွှတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့ ဗျူဟာကုန်းစခန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေပြီး ဆိုင်းတောင် ရွာဘက်ခြမ်းကိုလည်း လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဟန်န