မြန်မာနိုင်ငံမှာ စစ်ကောင်စီက စာသင်ကျောင်းတွေကို တိုက်ခိုက်နေတဲ့အပေါ် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ရှုတ်ချလိုက်ပြီး မြန်မာပြည်သူတွေ အထူးသဖြင့် ကျောင်းသူ/ကျောင်းသားတွေ၊ ကျောင်းဆရာ/ဆရာမတွေရဲ့ လုံခြုံရေးအတွက် စာသင်ကျောင်းတွေကို တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၁၇၄ ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့အတူ မြန်မာနိုင်ငံရှိ အရပ်သားနေထိုင်ရာဒေသတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို သေဆုံးစေခဲ့ပြီး ကလေးသူငယ်တွေနဲ့ လူငယ်တွေလည်း လုံခြုံစွာပညာသင်ကြားခွင့်ကို ငြင်းပယ်ခံခဲ့ရတယ်လို့ USAID ပြောရေးဆိုခွင့်ရှိသူ ဘင်ဂျမင်ဆူရာတိုက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပြောပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ရှိ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ခိုင်လုံပြီး စိစစ်အတည်ပြုထားတဲ့ အစီရင်ခံစာတွေ လက်ခံရရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေအတွင်း အသက် ၉ နှစ်မှ ၁၆ နှစ်ကြား ကလေးငယ်အများအပြား သေဆုံးခဲ့ ကြရကာ ထိခိုက်ဒဏ်ရာသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ USAID မှ ပြည်တွင်းပညာရေး မိတ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရှိ ပဋိပက္ခ ဒဏ်ခံစားနေကြရတဲ့ ကလေးသူငယ်နဲ့ လူငယ် ၃၀၀,၀၀၀ ကျော်အတွက် ပညာသင်ကြားရေး နေရာတွေ ဖန်တီးထောက်ပံ့ပေးတဲ့လုပ်ငန်းတွေကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ကလေးတွေ ဆရာ/ဆရာမတွေနဲ့ လူမှုအသိုက်အဝန်းအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေတဲ့အပြင် ပညာရေးကိုလည်း ကာလရှည်ကြာ အနှောင့်အယှက်ဖြစ်စေပြီး လူထောင်ပေါင်းများစွာကိုလည်း ထွက်ပြေးပြောင်းရွှေ့စေခဲ့တယ်၊ အရပ်သားတွေနဲ့ ထိခိုက်လွယ်တဲ့ ရပ်ရွာလူမှုအသိုက်အဝန်းတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို USAID က ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။