အစ္စရေးလေတပ်ဟာ အီရန်မှ ဟစ်ဇ်ဘိုလာဆီ လက်နက်လွှဲပြောင်းမှု မှန်သမျှကို ရပ်တန့်မှာဖြစ်ပြီး လက်ဘနွန်အုပ်စုကို တိုက်ခိုက်မယ့် မြေပြင်စစ်ဆင်ရေးတွေမှာ တပ်ဖွဲ့ဝင်တွေကို ကူညီဖို့ ပြင်ဆင်နေကြောင်း အစ္စရေး လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်တိုမာဘားက စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ် တိုမာဘားက“အီရန်ကနေ လက်ဘနွန်မှာ လက်နက်လွှဲပြောင်းမှု ဖြစ်နိုင်ခြေကို တားဆီးသွားမှာဖြစ်ပြီး ဟစ်ဇ်ဘိုလာ အကြီးအကဲ နက်စ်ရာလာရဲ့ ယုံကြည်မှုဟာ အီရန်ကလာတဲ့ ထောက်ပံ့မှုအပေါ်မှာ မူတည်နေတာ” လို့ ပြောပါတယ်။
မြေပြင်စစ်ဆင်ရေးအတွက် မြောက်ပိုင်းစစ်ဌာနချုပ်နဲ့ တန်းတူပြင်ဆင်နေပြီဖြစ်ကြောင်းနဲ့ စပြီးသက်ဝင်လှုပ်ရှားပြီဆိုတာနဲ့ အဆင်သင့်ပြင်ထားဖို့ပဲလို့ အစ္စရေးစစ်တပ်က ဖြန့်ဝေတဲ့ ဗီဒီယိုတခုထဲမှာ စစ်သားတွေကို ပြောထားပါတယ်။
အစ္စရေး စစ်လေယာဉ်တစင်းဟာ ဘေရွတ်မြို့တော်ရဲ့ အစွန်အဖျားကို တိုက်ခိုက်ခဲ့ရာမှာ လူ ၂ ယောက် သေဆုံးပြီး အခြေအနေဆိုးရွားတဲ့ အမျိုးသမီး ၁ ယောက် အပါအဝင် ၁၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တညလုံးနဲ့ ကြာသပတေးနေ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၈ ယောက်အထိ ရှိလာပါတယ်။
ဘေရွတ်မြို့ တောင်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက် တိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာရဲ့ လေတပ်အကြီးအကဲတယောက်ဖြစ်တဲ့ မိုဟာမက်ဒ် ဆူရူရ် သေဆုံးခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ပြောကြားခဲ့ပါတယ်။
ဒါဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ထိပ်တန်းရာထူးကြီး ပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက် လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတဲ့ ရက်ပိုင်းအတွင်း ပစ်မှတ်ထားခံရတဲ့ နောက်ဆုံး အကြီးတန်း ဟစ်ဇ်ဘိုလာတပ်မှူး ဖြစ်ပါတယ်။
လက်ဘနွန်နယ်စပ်ရှိ အစ္စရေးဘက်ခြမ်းမှာ အစ္စရေးစစ်တပ်ဟာ မြေပြင်ကျူးကျော်မှုပုံစံတူ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး ဒါဟာ မရပ်မနား လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲမှုတွေ ဖြစ်ပွားအပြီး နောက်ထပ် အဆင့်တက် လုပ်ဆောင်မယ့် အလားအလာလည်း ဖြစ်ပါတယ်။
Source-Reuters