ချင်းတော်လှန်ရေးဖွဲ့တွေကြားမှာ လက်နက်ကိုင်ပြီးအင်အားသုံးမဖြေရှင်းဖို့နဲ့ ညှိနှိုင်းရေးကော်မတီဖွဲ့ပြီး ဖြေရှင်းဖို့အပါအဝင် အချက် ၅ ချက်ကို သဘောတူထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မီဇိုရမ်မှာအခြေစိုက်တဲ့ ဇိုပြန်လည်ပေါင်းစည်းရေး ZORO က ဦးဆောင်ပြီး ချင်းပြည် ချင်းလန်းကောင်စီ ချင်းပြည် အစိုးရ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းညီနောင်အဖွဲ့က တာဝန်ရှိသူတွေ စက်တင်ဘာ ၂၁ ရက်က မိုဇိုရမ်ပြည်နယ်၊ အိုင်ဇော်လ်မြို့မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့ကြတာပါ။
ချင်းလက်နက်ကိုင်အဖွဲ့စည်းတွေကြားမှာ အထင်မြင်လွှဲမှားမှုတွေမဖြစ်ပွားအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့နဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အဖွဲ့စည်းတွေကြားမှာ အမြင်မတူညီမှုတွေကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တာတွေကို တွေ့ဆုံဆွေးနွေးပြီးဖြေရှင်းကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့တွေဆုံကြတာလို့ ချင်းပြည်ချင်းလန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
အခုတွေ့ဆုံမှုဟာ ချင်းပြည်နယ်မှာရှိကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံရေးအရ သဘောတူညီချက် ၅ ချက်ကိုသာ ရရှိထားပြီး စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေးခဲ့ကြခြင်းမရှိခဲ့သလို နောက်ထပ်တကြိမ်တွေ့ဆုံခဲ့ကြရင်တော့ နှစ်ဖက်အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းမယ့် ဆက်ဆံရေးကော်မတီဖွဲ့စည်းရေးကို ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကတော့ နှစ်ဖက်အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန်နားလည်မှုတွေရယူပြီး ဆွေးနွေးရမှာဖြစ်တယ်သလို ချင်းပြည်နယ်အတွင်းမှာ နိုင်ငံရေးအရ ဦးဆောင်မှုနဲ့ပတ်သတ်ပြီး နှစ်ဖွဲ့ဖြစ်နေတဲ့ ချင်းပြည် ချင်းလန်းကောင်စီနဲ့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကြားမှာလည်း သီးသန့်ဆွေးနွေး သဘောတူညီခဲ့တာမရှိဘူးလို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဇိုပြန်လည်ပေါင်းစည်းရေး ZORO က ချင်းပြည်နယ်အတွင်းမှာ ရှိကြတဲ့ မျိုးနွယ်စုမတူညီကြပေမယ့် ညီကိုအရင်းတွေဖြစ်ကြတဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေအားလုံး စုစုစည်းစည်းဖြစ်ကြဖို့အတွက် တဖွဲ့ချင်းစီကို သီးသန့်တွေ့ဆုံမှုတွေလုပ်ခဲ့ပြီးမှ ချင်းတော်လှန်ရေးအဖွဲ့အားလုံးပါဝင်တဲ့ အခုလိုတွေ့ဆုံဆွေးနွေးမှုမျိုးကို လုပ်ဆောင်နိုင်ခဲ့တာလို့ သိရပါတယ်။
အောင်သူ