စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာ အထက်တန်းကျောင်းနဲ့ ဆေးရုံ အဆောက်ကို စစ်တပ်က အောက်တိုဘာ ၂ ရက် နေ့လယ် ၂ နာရီ မိနစ် ၄၀ လောက်မှာ ဗုံးကြဲ သွားတယ်လို့ ရွာသားတွေထံက သိရပါတယ်။
စစ်တပ်က ဗုံးကြဲချတာအပြင် စက်လက်နဲ့ပါ ပစ်ခတ်သွားသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မောင်းထောင်ရွာသားတယောက်က “ဘာသတင်းရတယ်လို့တော့ မသိရဘူး။ ဗုံးသီးက ၃ လုံးကြဲချတယ်။ လာကြဲတာက လေယာဉ် ၂ စီးနဲ့ ကြဲသွားတာ။ ကျနော်တို့လည်း ကြောက်လန့်ပြီး ရွာထဲကနေ ထွက်ပြေးလာတာဆိုတော့ အဆောက်ဦး ပျက်စီးလား၊ လူထိခိုက်လားဆိုတာကတော့ ဘာမှမသိရသေးဘူး။ ကြဲချတာက ၃ လုံး။ လေယာဉ်ပေါ်ကန သေနတ်နဲ့လည်းပစ်သွားတယ်”လို့ ပြောပါတယ်။
ဗုံးကြဲတဲ့ လေယာဉ် ၂ စီးဟာ တံတားဦးလေတပ်က တိုက်လေယာဉ် တစီးနဲ့ မိတ္ထီလာမြို့ ရှမ်းတဲက တက်လာတဲ့ တိုက်လေယာဉ် ၁ စီး ဖြစ်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ခန့်မှန်းပြော ဆိုပါတယ်။
ဘုတလင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုလေလှိုင်းက “ပထမဆုံး အစီးက ၂ နာရီ ၂၀ မိနစ်မှာ ရွာအနီး ရောက်တယ်။ ၂ နာရီ ၂၂ မိနစ်မှာ ဗုံးကြဲတယ်။ အထကစာသင်ကျောင်းနဲ့ ဆေးရုံကို ကြဲသွားတာ။ ဒုတိယအစီးက ၂ နာ ရီ ၃၃ မိနစ်ကနေ ၃၄ မိနစ်မှာ တကြိမ် ကြဲတယ်။ အဲဒီလို ကြဲချလို့ ဒေသခံ တဦး ကျည်စ မှန်တာရှိတယ်။ သက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဆေးရုံနဲ့ စာသင်ကျောင်းကအဆောက်ဦး တချို့ပျက်စီးပြီး ရွာလယ်က ဓမ္မာရုံလည်း အနည်းငယ် ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
မောင်းထောင်ရွာဟာ စက်တင်ဘာ ၃၀ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့ စီပါရွာနဲ့ အနီးဆုံးမှာရှိတဲ့ကျေးရွာဖြစ်သလို မောင်းထောင်ရွာစာသင် ကျောင်းနဲ့ ဆေးရုံမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စခန်းချနေတယ်အထင်နဲ့ လာရောက် ပစ်ခတ် တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။