ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီက အောက်တိုဘာ ၄ ရက် မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၄ ယောက် သေဆုံးပြီး နောက်ထပ် ၁၃ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကင်းတောင်ကျေးရွာကို အောက်တိုဘာ ၄ ရက် မနက်ပိုင်း ၂ နာရီခန့်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးတယောက်နဲ့ သက်ကြီးပိုင်း ၃ ယောက် သေဆုံးကာ နောက်ထပ် ကလေး ၂ ယောက် အပါအဝင် အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။
“မနက် ၂ နာရီကျော်လောက်မှာ စစ်ကောင်စီက ပြည်သူတွေ အိပ်နေတာကို အငိုက်လာတိုက်ခိုက်တာဖြစ်တယ်။ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ ဘာစစ်ဘက်ဆိုင်ရာမှလည်း ရှိတာမဟုတ်ဘူး။ အရပ်သားတွေပဲ နေကြတာ။ အဲဒါကို လေယာဉ်နဲ့လာပြီးတော့ နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်သွားတာဖြစ်တယ်။ ကလေးတဦးနဲ့ အမျိုသားတဦး၊ အမျိုးသမီး ၂ ဦးသေတယ်။ နောက်ထပ် ၁၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်။”
သေဆုံးသွားသူတွေကတော့ မောင်ဇင်ဟိန်းကို (၉ နှစ်)၊ ဦးမောင်လှတင် (၆၅ နှစ်)၊ ဒေါ်မြရီ (၅၆ နှစ်) နဲ့ ဒေါ်မြကြည် (၇၄ နှစ်) တို့ ဖြစ်ကြပြီး နောက်ထပ် ကလေး ၂ ယောက် အပါအဝင် ကျေးရွာသား ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသွားသူတွေထဲက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့သူတွေ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေကို နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း ဆက်တိုက်ဆိုသလို ရှိလာနေပြီး လေကြောင်းအန္တရာယ်က ပြည်သူလူထုရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ရမှု အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာနေပြီလို့ ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ တယောက်က ပြောပါတယ်။
“ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်က တော်တော်ေလးကို စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီလို့ ပြောလို့ရတယ်။ အရင်တုန်းကလည်း လေကြောင်းတိုက်တာမှန်ပေမဲ့ ဒီရက်ပိုင်းမှာတော့ အရပ်သားတွေကို ပိုပြီးပစ်မှတ်ထား တိုက်ခိုက်လာနေတာကြောင့် ပိုပြီးစိုးရိမ်လာကြရတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတကာရဲ့ စစ်ကောင်စီအပေါ် ပိတ်ဆို့မှုတွေကို ပိုပြီးလုပ်ဖို့လိုအပ်တယ်။”
အောက်တိုဘာ ၂ ရက်ကလည်း တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေကို အခုရက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။
လက်ရှိ မောင်တော၊ ဂွနဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။