ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သံတွဲမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်ကောင်စီက အောက်တိုဘာ ၁ ရက် ညနေပိုင်း ၃ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသားတယောက် သေဆုံးကာ ကလေးငယ်တယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တာဖြစ်တယ်လို့ သံတွဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အောက်တိုဘာ ၁ ရက်နေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ လေကြောင်းကနေ လာတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ကျောင်းအနီးမှာရှိတဲ့ အမျိုးသားတဦးကတော့ နေရာမှာတင် ဆုံးသွားပြီးတော့ ကျောင်းဝင်း ထဲမှာရှိတဲ့ ကလေးတဦးကတော့ ထိခိုက်ဒဏ်ရာရသွားတယ်။ စစ်ကောင်စီက သံတွဲမြို့နယ်အတွင်းက အရှုံးကို အခုအထိ ရှုံးမဲမဲနေဆဲဖြစ်တယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ညောင်ခြေထောက်ကျေးရွာက ဦးအောင်နိုင်သူပြီး ဒဏ်ရာရရှိသွားသူ မောင်မိုးဒီကိုတော့ ဆေးကုသနေရပါတယ်။
စက်တင်ဘာ ၂၆ ရက်ကလည်း သံတွဲမြို့ မြို့တော်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အရပ်သား ၁၄ ယောက် သေဆုံးပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂ ရက်ကလည်း တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တယောက်ရဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ ည ၁၁ နာရီခွဲမှာ ရွာပြင်ဘက်ကို ဗုံး ၂ လုံး ကြဲသွားတာဖြစ်တယ်။ အသေအပျောက်တော့ မရှိဘူး။ ဒါပေမဲ့ ၁၄ နှစ်အရွယ် ကလေးတဦးမှာ ဦးခေါင်းထိသွားတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာတော့ရှိတယ်။ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူမှာ အသက် ၁၄ နှစ်အရွယ် မောင်မိုးသူ ဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပြီး စက်တင်ဘာ ၂၅ ရက်ကလည်း တန်းလွဲရွာမမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားတွေ စစ်ဘေးရှောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာနေပါတယ်။
ရခိုင်စစ်ပွဲမှာ စစ်ကောင်စီက မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ခံထားရပြီး သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေဟာလည်း တဖြည်းဖြည်းနဲ့ ကျဉ်းမြောင်းလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဂွနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။