မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတွေမှာ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ စစ်ကောင်စီက လုံခြုံရေးအင်အား အများအပြား သုံးစွဲထားကြောင်း မြို့ခံတွေထံက သိရပါတယ်။
စစ်ကောင်စီက သန်းခေါင်စာရင်းစကောက်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာတော့ လုံခြုံရေးအခြေအနေကောင်းတဲ့ မြို့ပေါ်ရပ်ကွက်တွေကိုသာ ဦးစားပေးကောက်ခံခဲ့ပြီး လက်ရှိမှာ ကျေးရွာတွေဘက်ပါ ကောက်ခံနေတယ်လို့ ပေါင်မြို့မှ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့က လုံခြုံရေးအတွက်ဆိုပြီး ရဲတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေက သေနတ်တွေနဲ့ လိုက်ပြီး စောင့်ကြပ်ပေးနေတာ။ သန်းခေါင်စာရင်းကောက်ပြီးတဲ့ အိမ်တွေဆိုလည်း ပြီးစီးကြောင်း စာရွက်ပိုင်းလေးတွေ ကပ်သွားတယ်။”
လက်ရှိ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူမှုကိုတော့ မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ် စတဲ့မြို့နယ်တွေမှာ လုပ်ဆောင်နေသလို စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနဲ့ ကျိုက်မရောမြို့ပေါ် ရပ်ကွက်တွေမှာလည်း စစ်ကောင်စီက လုံခြုံရေးအင်အား အများအပြားနဲ့ စာရင်းကောက်ယူနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လဝက၊ ကျောင်းဆရာ ဆရာမတွေနဲ့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်တဲ့ အဖွဲ့ဝင် ၇ ယောက်နဲ့ အောက်တိုဘာ ၁ ရက်က စတင်ကာ သတ်မှတ်ထားတဲ့ ကောက်ကွက်တွေအလိုက် ကောက်ယူသွားမယ်လို့ ပြည်နယ်လဝကရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“လောလောဆယ်တော့ လုံခြုံရေးအခြေအနေကောင်းတယ်လို့ ယူဆရတဲ့ နေရာတွေကို ဦးစားပေးအနေနဲ့ ကောက်ယူနေပါတယ်။ လက်ရှိမှာလည်း သန်းခေါင်စာရင်း ကောက်ယူတဲ့ နေရာမှာ အောင်အောင်မြင်မြင်နဲ့ပြီးဆုံးဖို့ လုံခြုံရေးအင်အား အများအပြား အသုံးပြုထားရတယ်။”
ဒါ့အပြင် မွန်ပြည်သူတွေအနေနဲ့ စစ်ကောင်စီကပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြဖို့နဲ့ လူဦးရေသန်းခေါင်စာရင်း ကောက်ယူလာပါက အမှန်ကိုမဖြေဘဲ အလွဲအမှားတွေကိုသာ ဖြည့်သွင်းပေးကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ MSFC က တိုက်တွန်းထားပါတယ်။
၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ခံသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ NLD ပါတီ အရပ်သားအစိုးရလက်ထက်က ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစစ်၊ မဲရေတွက်၊ မဲစာရင်းကောက် စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ အခု Non-CDM ပညာရေးဝန်ထမ်းတွေနဲ့ CDM ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက အာဏာသိမ်းပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မဲလိမ် မဲခိုးရာမှာ ပါဝင်တဲ့ သူခိုးတွေဖြစ်တယ်လို့ စွပ်စွဲခဲ့ကြောင်း ပညာရေးဝန်ထမ်းတွေက ဆိုပါတယ်။