Home
မြန်မာသတင်း
ဘုန်းကြီးကျောင်းများကို သန်းခေါင်စာရင်းကောက်ယူမှု သံဃသမဂ္ဂ (မန္တလေး) ကန့်ကွက်
DVB
·
October 3, 2024
Photo Crd-သံဃသမဂ္ဂ (မန္တလေး)

စစ်ကောင်စီဟာ ရွေးကောက်ပွဲအကြောင်းပြပြီး ဘုန်းကြီးကျောင်းတွေရှိ ရဟန်းသံဃာတော်တွေကို သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်လို့ ကန့်ကွက်တယ်လို့ သံဃသမဂ္ဂ (မန္တလေး) က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သံဃသမဂ္ဂအဖွဲ့၀င်ဆရာတော်တပါးက “အရင်အစိုးရတွေလက်ထက် ရွေးကောက်ပွဲတွေအတွက် သန်းခေါင်စာရင်း ကောက်ခဲ့တုန်းက ဘုန်းကြီးကျောင်းတွေမပါဘူး။ အခု စစ်ကောင်စီက ရွေးကောက်ပွဲကို ဗန်းပြပြီး ဘုန်းကြီးကျောင်းတွေက သံဃာတော်တွေကိုလည်း သန်းခေါင်စာရင်းတွေ ကောက်နေတယ်။ အဲ့ဒိအပေါ်မှာ ကန့်ကွက်တာပါ” လို့ DVB ကို မိန့်ပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေထိုင်နေတဲ့ လူ၀တ်ကြောင်တွေကို စာရင်းကောက်ယူမယ့်အပေါ်မှာ ကျောင်းထိုင်ဆရာတော်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ရဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်တွေဆီကို အဆင့်ဆင့်ပေးပို့တဲ့ညွှန်ကြားစာအပေါ်မှာလည်း အပြင်းအထန်ကန့်ကွက်တယ်လို့ ဆိုပါတယ်။

အဆိုပါ မဟန အဖွဲ့ရဲ့ စစ်ကောင်စီအလိုကျ ညွှန်ကြားချက်တွေကို ဓမ္မကို မြတ်နိုး တန်ဖိုးထားတော်မူကြတဲ့ ဆရာတော်သံဃာတော်များအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြဖို့နဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချဖို့ လိုအပ်တယ်လို့လည်း သံဃသမဂ္ဂ (မန္တလေး) က တိုက်တွန်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်က စာသင်တိုက်တခုမှာ သီတင်းသုံးတဲ့ စာသင်သားရဟန်းတော်တပါးက “ဦးပဉ္စင်းတို့ ကျောင်းကိုလည်း ကျန်ခဲ့တဲ့ ၂ ရက်လောက်က သန်းခေါင်စာရင်းလာကောက်သွားပြီ။ စာရင်းပေးတဲ့ သံဃာတွေလည်းပေးကြသလို စာရင်းမပေးတဲ့သံဃာတော်တွေလည်း မပေးကြဘူး။ မပေးမနေပေးရမယ်ဆိုတာမျိုးနဲ့ လာကောက်တာတော့ မရှိဘူး”လို့  မိန့်ပါတယ်။

စစ်ကောင်စီဟာ အာဏာ ဆက်လက် တည်မြဲရေးအတွက် စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးနေပြီး နိုင်ငံတဝန်းက ပြည်သူတွေကို အဓမ္မပေါ်တာဆွဲကာ စစ်သင်တန်း ပေးနေသလို  ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်နေလို့ လူသားရင်းမြစ်တွေ ဆုံးရှုံးနေတယ်လို့  ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013