Home
မြန်မာသတင်း
သန်းခေါင်စာရင်းကို ခြိမ်းခြောက်ကောက်နေ၊ မေးခွန်း ၆၀ ကျော်အတွက် CDM များစိုးရိမ်
DVB
·
October 2, 2024

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုမှာ အောက်ခြေရပ်ကျေးအဖွဲ့ဝင်တွေက ခြိမ်းခြောက်ပြောဆို  ကောက်ယူနေပြီး အချက်အလက် ၆၀ ကျော်ဖြေဆိုရတဲ့အတွက် CDM တွေ အနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ 

၂၀၂၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် သင်တန်းပေးထားတဲ့ ဝန်ထမ်းတွေ ဦးဆောင်ပြီး  အောက်တိုဘာ ၁ ရက်ကစလို့ ၁၅ ရက်အထိ ကောက်ယူနေပါတယ်။ 

မြေပြင်မှာ အောက်ခြေက ရပ်ကျေးအဖွဲ့ဝင်တွေနဲ့ အရန်အင်အား လုပ်အားပေးတွေက ခြိမ်းခြောက်ပြောဆိုပြီး ကောက်ယူနေတာတွေရှိတယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။ 

ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာလည်း သန်းခေါင်စာရင်းကောက်ယူမယ့်ကာလအတွင်း နေအိမ်မှာ အိမ်ထောင်စုဝင်တွေမရှိရင် အရေးယူခံရမယ်လို့ ပြောဆိုထားတာရှိကြောင်း မအူပင်ဒေသခံ တယောက်က ပြောပါတယ်၊

“၁၅ ရက်နေ့အတွင်း ကောက်မယ်ပြောတယ်၊ ပြီးတော့ မနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်းလို့ ပြောတယ်၊ ၁၅ ရက်အတွင်းလို့ပြောတာ၊ ဘယ်နေ့လာမယ်မှန်းမသိဘူး။ အဲဒီလို သန်း‌ခေါင်စာရင်း လာကောက်မယ့် အချိန်ကျရင် ဖြေကြားပေးနိုင်မယ့်သူ တယောက် ရှိနေရမယ်ပေါ့၊ မရှိဘူးဆိုရင် သူတို့က အရေးယူမယ်လို့ပြောတယ်။ သူတို့ ပြောတဲ့အတိုင်း နေပေးရမလိုပဲ ဖြစ်နေတာ။ တချို့ကျတော့ အုပ်ချုပ်ရေးမှူးရုံးမှာ လာဖြည့်ခိုင်းတယ်၊ အမိန့်စာတွေ ဘာတွေနဲ့ လာဖြည့်ခိုင်းတာ၊  သူတို့ပေးတဲ့ထဲမှာ အပြည့်အစုံဖြည့်ပေးရမယ်ပေါ့။”

ရန်ကုန်၊ မန္တလေးအပါအဝင် တချို့သော မြို့တွေမှာလည်း လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ကွက်ရုံးကို လာရောက်ဖြေဆိုရတယ်လို့ ပြည်သူတွေဆီကနေ စုံစမ်းသိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်ပြီး အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်ကတော့ အခုလို ခြိမ်းခြောက် ပြောဆိုတာက ရပ်ကွက်အတွင်းက လုံခြုံရေးယူထားတဲ့ အရန်အဖွဲ့တွေရဲ့ ထင်တိုင်းကြဲ လုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ ၂၀၁၄ ခုနှစ်တုန်းက အိမ်ထောင်စုပုံစံ မေးခွန်း ၄၁ ခုသာ ဖြေဆို ရပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့ မေးခွန်း ၆၈ ခုဖြေဆိုရမှာဖြစ်လို့ အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ CDM တွေအနေနဲ့ကလည်း စိုးရိမ်နေရတယ်လို့ CDM သင်ကြားရေးဆရာတယောက်က ပြောပါတယ်၊

“ရွေးကောက်ပွဲအတွက် ကောက်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပြည်သူတွေထဲက CDM သမားတွေ၊ တော်လှန်ရေးထဲရောက်နေတဲ့လူတွေရဲ့ အခြေအနေတွေပေါ့။ သူတို့ရဲ့ လှုပ်ရှားမှုတွေ ဟိုဘက်ကို ဘယ်လောက် ရောက်နေသလဲ၊ ဘယ်လိုအနေအထားရှိလဲ၊ ဒါတွေကို ဒီတခေါက်ဦးတည်ပြီးတော့ ရည်ရွယ်ကောက်တယ်လို့ပဲ မြင်ပါတယ်။ သူတို့က မေးခွန်း ၆၈ ခုလောက် မေးတယ်ဆိုကတည်းက သူ့မှာ ရည်ရွယ်ချက်တခုတော့ရှိတယ်။ အခုလို CDM ဆရာတယောက်အနေနဲ့ စိုးရိမ်မိတယ်ဆိုတာက CDM လုပ်ထားတဲ့အခါမှာ ကိုယ့်ရဲ့ ရပ်တည်မှုကို သိသွားတယ်ဆိုတဲ့ သူတို့လက်ထဲ နေရတဲ့အခါ ဒီအခြေအနေမှာစိုးရိမ်ရတယ်ပေါ့။”

အိမ်ထောင်စုပုံစံ သန်းခေါင်စာရင်းမေးခွန်းတွေထဲမှာ ကျောင်းဆက်မတက်ဖြစ်တဲ့ အကြောင်း မေးခွန်းပါတဲ့ “ပညာရေးအကြောင်းအရာ”၊ ထွက်ခဲ့တဲ့ အလုပ်နဲ့ ထပ်ရှာနေတဲ့ အလုပ်တွေ အကြောင်းမေးတဲ့ “လုပ်သား အင်အားအကြောင်းအရာ” နဲ့ ပြည်ပရောက်သူတွေရဲ့ အချက်အလက်အပြည့်အစုံတွေပါဝင်တဲ့ “ပြည်ပရွှေ့ပြောင်း သွားလာခြင်း အကြောင်းအရာ” တွေကြောင့် လူထုကြားမှာ စိုးရိမ်မှုတွေလည်း မြင့်တက်နေတာပါ။

၂၀၁၃ သန်းခေါင်စာရင်းဥပဒေအရ သန်းခေါင်စာရင်းကောက်ယူရာမှာ သတ်မှတ်မေးခွန်ပုံစံထဲ မပါဝင်တဲ့ မေးခွန်းတွေ မမေးဖို့၊ ကောက်ယူရာမှာ မမှန်မကန်ဖြေဆိုဖို့ တိုက်တွန်း ခြိမ်းခြောက်တာတွေမလုပ်ဖို့နဲ့ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေကို သန်းခေါင်စာရင်းနဲ့ မဆိုင်တဲ့အဖွဲ့တွေ သိခွင့် မျှဝေခွင့်မလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။ 

ဝေဝေ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013