ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF နဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနိုင်တာမျိုး မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကစပြီး နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူနေပေမဲ့ MDY-PDF ထိန်းချုပ်ထားတဲ့ နယ်မြေ ၄ ခုလောက်နဲ့ AA ထိန်းချုပ်နယ်မြေတွေမှာတော့ သန်းခေါင်စာရင်း ကောက်ယူနိုင်တဲ့အခြေအနေမရှိသလို ရခိုင်ပြည်နယ်က ဒေသတချို့မှာလည်း မြို့ပေါ်လောက်သာ သန်းခေါင်စာရင်းကောက်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
MDY-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က“ကျနော်တို့ ထိန်းချုပ်ထားတဲ့ နောင်ချို၊ စဉ့်ကူး၊ မတ္တရာထဲကဒေသတချို့နဲ့ သပိတ်ကျင်းဒေသတွေမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်းကောက်ယူတဲ့ကိစ္စကို လုံးဝပြုလုပ်နိုင်တာ မရှိပါဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာဆိုရင်လည်း စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့၊ မာန်အောင် ၊ ဂွမြို့တွေမှာသာ စာရင်းကောက်ယူနိုင်ပြီး AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀ ခုမှာတော့ သန်းခေါင်စာရင်း မကောက်နိုင်ဘူးလို့ ကျောက်တော်မြို့ခံ တယောက်က ပြောပါတယ်။
ကျောက်တော်ဒေသခံက“အခုကောက်နေတာတောင် မြို့ပေါ်တွေလောက်ပဲ ကောက်ကြတာ။ ကျေးလက်ဒေသတွေဘက် မလာဘူး။ မြို့ပေါ်တွေလောက်ပဲ ကောက်တော့ ဝန်ထမ်းအင်အားလည်း သိပ်မသုံးကြဘူး”လို့ ပြောပါတယ်။
ဒီလိုတော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်တာကြောင့် စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းဟာမှန်ကန်မှု မရှိနိုင်ဘဲ အဆိုပါနယ်မြေက စာရင်းတွေကို လဝက မှာရှိတဲ့ စာရင်းတွေနဲ့ ဖြည့်စွက်ကာ စာရင်းလိမ်နိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက သုံးသပ် ပါတယ်။
သန်းခေါင်စာရင်းမကောင်ယူခင်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တော်လှန်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တုံ့ပြန်မှု မရှိခဲ့ပါဘူး။