Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်တပ်အင်အားအများအပြားဖြင့် သန်းခေါင်စာရင်း စကောက်
DVB
·
October 1, 2024

ရန်ကုန်မြို့မှာ အောက်တိုဘာ ၁ ရက်မနက်ကစပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက   စစ်တပ်အင်အားအများအပြား လုံခြုံရေးယူကာ လူဦးရေ သန်းခေါင်စာရင်း လိုက်လံကောက်ယူနေတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူနေတာဖြစ်ပြီး ရန်ကုန်မှာတော့ ရပ်ကွက်တခုကို စစ်တပ်အင်အား အယောက် ၃၀ လောက် လုံခြုံရေးချထားကာ စစ်ကား၊ ရဲကားတွေနဲ့လည်း ကင်းလှည့်ပြီး သန်းခေါင်စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။

အင်းစိန်မြို့ခံတယောက်က “မနက်မိုးလင်းကတည်းက ရပ်ကွက်ရုံးကို စစ်ကားတွေနဲ့ ရောက်လာပြီး ရပ်ကွက်နှစ်ခုလုံးရဲ့ လမ်းထိပ်တွေမှာ စစ်သားတွေနေရာယူထားကြတာ။ စာရင်းကောက်တဲ့သူတွေက လမ်းတွေထဲကို ရာအိမ်မှူးတွေ လမ်းပြတဲ့နောက်လိုက်ပြီး ကောက်နေကြတာ။ တော်လှန်ရေးအဖွဲ့တွေ တခုခုလုပ်မယ်ဆိုရင်တောင် ဘာမှလုပ်လို့ မရဘူး” လို့ ပြောပါတယ်။

စစ်တပ်လုံခြုံရေးတွေထဲမှာ ပျူစောထီးတွေလည်းပါဝင်ပြီး စစ်အစိမ်းရောင် ဝမ်းဆက်ယူနီဖောင်း ဝတ်ဆင်ထားကာ သေနတ်ကိုင်ဆောင်ထားတာတော့ မတွေ့ရဘူးလို့ မြို့ခံက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုကို ဒီနေ့မှာ ရန်ကုန်တမြို့လုံး ကောက်ယူနေတာမဟုတ်ဘဲ မြို့နယ်တခုရဲ့ အပိုင်းလိုက်ကိုသာ တခုချင်း ကောက်ခံနေတာဖြစ်ပြီး တချို့ရပ်ကွက်တွေနဲ့ လမ်းတွေကို ၃ ရက်နေ့မှ စတင်ကောက်ခံမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်း ဘားလမ်းမှာ နေသူတယောက်က “၃၄ လမ်းမှာဆိုရင် ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်းကို မနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်း ကောက်မယ်၊ ဖြေပေးမယ့်သူတဦး အိမ်မှာနေပါဆိုပြီး လော်စပီကာနဲ့ ကြေညာတယ်။ ဒလဘက်ဆိုရင် ၃ ရက်နေ့မှ ကောက်မယ် ပြောတယ်။ အခုကောက်နေတဲ့ ရပ်ကွက်တွေမှာမေးတာကတော့ ဘယ်ခုနှစ်က အိမ်ထောင်ကျတာလဲ၊ ဘယ်တုန်းက ကလေးမွေးတာလဲ ဆိုတာတွေ အကုန်မေးတာ။ အိမ်ထောင်စုတခုရဲ့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပြောရတာ” လို့ ပြောပါတယ်။

သန်းခေါင်စာရင်းစတင်မကောက်ယူခင် စက်တင်ဘာ ၃၀ ရက်ကလည်း နွေဦးတော်လှန်ရေး စတင်ဖြစ်ပေါ်တဲ့အချိန်ကစပြီး ပိတ်ထားခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို စစ်တပ်နဲ့ ရဲတွေရဲ့ လုံခြုံရေးပေးမှုနဲ့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေကလည်း စက်တင်ဘာ ၃၀ ရက်မှာ မြို့နယ်ထွေအုပ်ရုံးတွေထံ အစည်းအဝေးတက်ပြီး သန်းခေါင်စာရင်းကောက်ဖို့ စီစဉ်ခဲ့ကြကာ နေအိမ်တွေထံကိုလည်း သန်းခေါင်စာရင်းကောက်မယ်ဆိုတဲ့ အကြောင်းကြားစာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အခုကောက်ယူနေတဲ့ သန်းခေါင်စာရင်းအကြောင်းအရာတွေကိုတော့ အခုနှစ်ကုန်  ဒီဇင်ဘာလမှာမှ အသိပေးထုတ်ပြန်မယ်လို့  စစ်ကောင်စီက ကြေညာထားပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်တာ မလုပ်ကြဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။   

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013