စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းမှာ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ချင်းညီနောင်အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “သန်းခေါင်စာရင်းကို အသုံးချပြီးတော့ အတင်းအဓမ္မ စစ်သားစုဆောင်းဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နိုင်မယ့် တခြားကိစ္စရပ်တွေမှာလည်း အသုံးပြုဖို့ ရည်ရွယ်ပြီးတော့ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်လာတာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မိုက်ရူးရဲဆန်ပြီး အာဏာမက်မောမှုကို ပြသနေတာသာ ဖြစ်တယ်။ သူတို့ရဲ့ ရွေးကောက်ပွဲဟာလည်း အတုအယောင်သာဖြစ်တယ်။ ဒါကြောင့်မို့ သူတို့ရဲ့ရွေးကောက်ပွဲကိုလည်း အယုံအကြည်မရှိသလို သန်းခေါင်စာရင်းကောက်ဖို့ ပူးပေါင်းပါဝင်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
အခုလို ပြည်တွင်းစစ်တွေ ဖြစ်ပွားနေပြီး တိုင်းပြည်မတည်မငြိမ် ဖြစ်နေတာအပြင် ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို လုံလောက်တဲ့ကူညီမှု ပေးတာတွေမရှိဘဲ သူတို့အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ အဓမ္မကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ချင်းညီနောင်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က“အဓိကအားဖြင့်တော့ ကျနော်တို့ လှုပ်ရှားမှုနယ်မြေထဲမှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်တာကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်တဲ့ မည်သူ့ကိုမဆို ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခံရတာမျိုးတွေ ရှိလာမှာဖြစ်တယ်။ ဒါကြောင့်မို့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူရာမှာ မပူးပေါင်း မပါဝင်ကြဖို့ ထပ်မံသတိပေးလိုပါတယ်” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီယန္တရား သက်ဆိုးရှည်ဖို့ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်ကြသူတွေကို စောင့်ကြည့်ပေးကြဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။
ချင်းညီနောင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုနယ်မြေတွေဟာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ တီးတိန်၊ တွန်းဇံနဲ့ ဖလမ်းမြို့နယ်တွေ ဖြစ်ပါတယ်။
ချင်းညီနောင် (Chin Brotherhood) ပူးပေါင်းအဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၉ ရက်မှာ မတူပီမြို့ကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။