Home
မြန်မာသတင်း
သန်းခေါင်စာရင်းကောက်ယူမှု၌ မပူး‌ပေါင်းမပါဝင်ကြရန် ရန်ကုန်တော်လှန်ရေးအင်အားစုများ တိုက်တွန်း 
DVB
·
September 27, 2024

စစ်ကောင်စီရဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုက အယောင်ပြသာဖြစ်ပြီး  လူထုနဲ့တော်လှန်ရေး အင်အားစုတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခြေရာခံဖို့ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မပူးပေါင်း မပါဝင်ကြဖို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုး ဆော်ထားကြပါတယ်။

အောက်တိုဘာ ၁ ရက်မှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုက အယောင်ပြသာဖြစ်ပြီး မြို့ပြမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လူထုရဲ့ အချက်အလက်တွေ နောက်ယောင်ခံဖို့ဖြစ်လို့  ပြည်သူတွေအနေနဲ့ ရတဲ့နည်းနဲ့ဆန့်ကျင်ကြဖို့ ရန်ကုန်က တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တိုက်တွန်းနှိုးဆော်ထားတာပါ။

သန်းခေါင်စာရင်းအချက်အလက်တွေကိုကောက်ယူတာက ပြည်သူတယောက်ချင်းစီတိုင်းမှာ အန္တရာယ်ရှိလာနိုင်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့အတူ ရတဲ့နည်းနဲ့ ဆန့်ကျင်ကြဖို့လိုတယ်လို့ ရန်ကုန်အခြေစိုက် သပိတ်ရဲဘော်ကိုစောညိမ်းက DVB ကိုပြောပါတယ်။

“ဒီသန်းခေါင်စာရင်းကောက်ယူမှုရဲ့ နောက်ကွယ်က အကြံအစည်နဲ့ တော်လှန်ရေးအင်အားစုတွေ အပေါ် သက်ရောက်နိုင်တဲ့ အန္တရာယ်တွေကြောင့်ပေါ့နော်။ စကစ ရဲ့ သန်းခေါင်စာရင်းကောက်ယူမှုက ဟန်ပြသာဖြစ်ပြီးတော့ အဓိက ကတော့ ပြည်သူတွေကို တော်လှန်ရေး အင်အားစုတွေကိုဖိနှိပ်ဖို့ လူထုရဲ့ကိုယ်ရေးအချက်အလက်တွေကိုရရှိဖို့ ကြိုးစားမှုသက်သက်ပဲဖြစ်ပါတယ်။ လူထုက လုပ်လို့ ရတဲ့နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်အာခံရကြဖို့ လိုအပ်ပါတယ်။ လက်ရှိ စကစကစစ်ရှုံးနေပြီးတော့  မြို့နယ် အများအပြား နယ်မြေအများအပြားကိုလည်း စွန့်လွှတ်ထားရပါတယ်။ ဒီလိုအခြေအနေမှာ သန်းခေါင် စာရင်းကို အောင်အောင်မြင်မြင်ကောက်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ အုပ်စီးထားနိုင်တဲ့ မြို့ပြတွေမှာတော့ လူထုရဲ့ အချက်အလက်တွေကိုကောက်ယူပြီးတော့ စစ်မှုထမ်းကိစ္စလိုမျိုးတွေ တော်လှန်ရေး အင်အားစုတွေကိုဖိနှိပ်တာမျိုးတွေတော့ လုပ်ဆောင်နိုင်ပါတယ်။”

စစ်ကောင်စီက လက်ရှိ အစိုးရဝန်ထမ်းတွေကို အသုံးပြုပြီး အောက်တိုဘာ ၁ ရက်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှာဖြစ်ပြီး မြို့နယ်တိုင်း ရပ်ကွက်တိုင်းရဲ့ အုပ်ချုပ်ရေး ရုံးတွေမှာပဲ ခေါ်ယူကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ နယ်ပယ်အသီးသီးက Non CDM ဝန်ထမ်းတွေ အပါအဝင်အုပ်ချုပ်ရေးမှူးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကပါ တာဝန်ယူသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီကောက်ယူမယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းက အချက်အလက် တိကျမှန်ကန်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ လူထုရဲ့အချက်အလက်တွေကိုခြေရာခံချင်တာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ လူထုကို ပညာပေးဖို့လိုတယ်လို့  အရပ်ဘက်ဆိုင်ရာ အချက်အလက်ပြုစုသူ တယောက်ကလည်း အကြံပြုပါတယ်။

“ရွေးကောက်ပွဲအတွက်သန်းခေါင်စာရင်းကောက်တယ်ဆိုတာ ဟန်ပြလောက်ပဲလုပ်တာပေါ့၊ တခုစိတ်ပူရတာကတော့ စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ့စစ်ဝန်ထမ်းအတွက်ကို အဲဒီအတွက်ကို အသုံးပြုမှာမျိုးကိုတော့ စိတ်ပူရတယ်ပေါ့။ ရန်ကုန်မှာဆို ဘယ်မိသားစုမှာရှိတဲ့ ဘယ်လူငယ်တွေက ဘယ်မှာရှိနေလဲဟာမျိုးပေါ့၊ ဒီအချက်အလက် တွေကတော့ နည်းနည်းစိုးရိမ်ရတာပေါ့၊ မဖြေနဲ့မပါနဲ့လို့ အငြင်းထက်စာရင် ဘယ်လိုပါးပါးနပ်နပ်နဲ့ ဘယ်လို ထိန်ချန်ဖြေသင့်တယ် ပြောသင့်တယ်။ အချက်အလက်တွေဆို အမှန်မပြောသင့်ဘူးစသဖြင့် အချက်တွေကိုလည်း ပြည်သူတွေသိအောင်နားလည်အောင် awareness လုပ်ပေးသင့်တယ်လို့ ထင်တာပဲ။”

တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့  သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ် ပျက်ပြား အောင်ပြုလုပ်တာ၊ ကောက်ယူမှုမှာ ပါဝင်သူတွေကို လူမှုရေးအပြစ်ဒဏ်တွေပေးဖို့၊ သန်းခေါင်စာရင်း ကောက်ယူ တဲ့အခါမှာလည်း မပူးပေါင်း မဖြေဆိုဘဲ၊ မတတ်နိုင်လို့ ဖြေဆိုရမယ်ဆိုရင်လည်း လွဲမှားဖြေဆိုဖို့နဲ့ လူထု အချင်းချင်းနဲ့ တော်လှန်ရေးအင်အားစုတွေကို လိုအပ်သလိုအကာအကွယ်ပေးဖို့ စတဲ့အချက်တွေက ထည့်သွင်းနှိုးဆော်ထားပါတယ်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024